မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၁ သန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၂၁ သန်းကျော် ပိုမိုရရှိ

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၁ သန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၂၁ သန်းကျော် ပိုမိုရရှိ
Published 27 November 2016

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၁ သန်းကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၂၁ သန်းကျော် ပိုမိုကုန်သွယ်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။
လက်ရှိ ဘဏ္ဍာနှစ် နိုဝင်ဘာ ၁၈ ရက်အထိ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၆၁ ဒသမ ၂၈၁ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတွင် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၉ ဒသမ ၃၁၉ သန်းရှိသဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂၁ ဒသမ  ၉၆၂ သန်း ပိုမိုခဲ့ကြောင်း သိရသည်။
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရန် မြန်မာဘက်ခြမ်းတွင် တမူး၊ ရိဒ် စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ဖွင့်လှစ်ထားကြောင်း သိရသည်။
ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း ၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ်အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့  နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်သည်။
တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် တို့နှင့် နယ်စပ်ကုန်သွယ်မှု ပြုရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီး၊ ချင်းရွှေဟော်၊ တမူး၊ ရိဒ်၊ မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော စသည့် နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်း ၁၅ ခုကို ဖွင့်လှစ်ထားကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေး တိုးချဲ့နိုင်ရန်အတွက် ကုန်သွယ်မှုအရ  အချက်အချာကျသည့် ဒေသများတွင် ကုန်သွယ်ရေးစခန်းများ တိုးချဲ့ ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် အစီအစဉ်များရှိကြောင်း သိရသည်။

Most Read

Most Recent