ဒေါ်လာဈေးနှုန်းသည် ငါးရက်ဆက်တိုက် ကျပ် ၁၃၄၀ ကျော်တွင် ဆက်လက်ရှိနေပြီး ကမ္ဘာ့ရွှေဈေး ကျသော်လည်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှုကြောင့် ပြည်တွင်း ရွှေဈေး ကျပ် ၈၅၇၀၀၀ အထက်တွင် တည်ရှိနေကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး နှင့် ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ဒေါ်လာဈေး မာနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် နိုဝင်ဘာ ၁၀ ရက်နောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက်ခဲ့ရာ နိုဝင်ဘာ ၂၂ ရက်တွင် ကိုးနှစ်အတွင်း စံချိန်တင်နှုန်းထား ဖြစ်ပေါ်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၃ ရက်တွင် အနည်းငယ် ပြန်လည်ကျဆင်းခဲ့သည်။ နိုဝင်ဘာ ၁၀ ရက်တွင် ၁၂၉၃ ကျပ်သာ ရှိရာမှ နိုဝင်ဘာ ၁၃ ရက်တွင် ၁၃၀၂ ကျပ်အထိဖြစ်ပေါ်ခဲ့ကာ နိုဝင်ဘာ ၁၆ ရက် တွင်ကျပ် ၁၃၁၀ အထိ ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် ဒေါ်လာဈေး ဆက်လက်မြင့်တက်ခဲ့ရာ နိုဝင်ဘာ ၁၇ ရက်တွင် ၁၃၁၆ ကျပ်၊ နိုဝင်ဘာ ၁၈ ရက်တွင် ၁၃၂၂ ကျပ်၊ နိုဝင်ဘာ ၁၉ ရက်တွင် ၁၃၂၃ ကျပ်၊ နိုဝင်ဘာ ၂၀ ရက် တွင် ၁၃၂၄ ကျပ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ၁၃၃၈ ကျပ်၊ နိုဝင်ဘာ ၂၂ ရက် တွင် ၁၃၅၄ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ကျပ် ၁၃၄၀ အထိ ကျဆင်းခဲ့ သော်လည်း နိုဝင်ဘာ ၂၄ ရက်တွင် ကမ္ဘာ့ဈေး ကွက်အတွင်း ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် ၁၃၄၅ ကျပ်အထိ မြင့်တက်လာခဲ့ပြီး နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းတွင် ၁၃၄၇ ကျပ် အထိ ဆက်လက်မြင့်တက်ခဲ့သည်။ နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ၁၃၄၆ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၃၄၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးကျဆင်း နေသော်လည်း ဒေါ်လာဈေး မာနေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၈၅၇၀၀၀ ကျော်တွင် ဆက်လက်တည်ရှိနေသည်။ နိုဝင်ဘာ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁၁၇၇ ဒေါ်လာအထိ ထိုးဆင်းသွားခဲ့သော်လည်း ညနေပိုင်းဈေးပိတ်ချိန်တွင် ၁၁၈၃ ဒေါ်လာအထိ ပြန်တက်လာခဲ့သည်။ နိုဝင်ဘာ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေး ကျဆင်းမှုကြောင့် ပြည်တွင်းဈေးကွက်၌ နံနက်ပိုင်းတွင် ကျပ် ၈၅၅၃၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၈၅၉၂၀၀ အထိ ပြန်တက်ခဲ့သည်။ နိုဝင်ဘာ ၂၆ ရက်တွင် ကျပ် ၈၅၇၀၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၈၅၇၈၀၀ အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။










