ကမာရွတ်မြို့နယ်၊ ရထားသံလမ်းပေါ်၌ မိန်းကလေးငယ်တစ်ဦး သေဆုံးမှုတွင် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ

ကမာရွတ်မြို့နယ်၊ ရထားသံလမ်းပေါ်၌ မိန်းကလေးငယ်တစ်ဦး သေဆုံးမှုတွင် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ
Published 26 November 2016

ကမာရွတ်မြို့နယ်၊ (၆)ရပ်ကွက်၊ ဟံသာဝတီဘူတာနှင့် လှည်တန်းဘူတာကြား၊ မိုင်တိုင်အမှတ် (၄/၁၂) ရထားသံလမ်းပေါ်တွင် နိုဝင်ဘာ ၂၄ ရက် ည ၇နာရီ ၂၅ မိနစ် အချိန်က မိန်းကလေးငယ်တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် အမှုတွင် ပြစ်မှုကျူးလွန်သူအား ၂၄ နာရီအတွင်း ဖမ်းဆီးမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်မှာ ကမာရွတ်မြို့နယ်၊ (၆)ရပ်ကွက်၊ ဟံသာဝတီဘူတာနှင့် လှည်တန်းဘူတာကြား၊ မိုင်တိုင်အမှတ် (၄/၁၂) ရထားသံလမ်းပေါ်တွင် နိုဝင်ဘာ ၂၄ ရက် ည ၇နာရီ ၂၅ မိနစ် အချိန်က မိန်းကလေးငယ်တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ ကမာရွတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ အသက် (၁၀) နှစ်ခန့်ရှိ မိန်းကလေးငယ် တစ်ဦးမှာ လည်ပင်းပြတ်ရှဒဏ်ရာများ၊ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပြီး အခင်းဖြစ်နေရာ အနီးတွင် လွယ်အိတ်များနှင့် ခဲတံချွန်ခေါက်ဓားတစ်ချောင်းတို့အား တွေ့ရှိရသဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ) ၆၄၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းခဲ့ကြောင်း သိရသည်။
အမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအောက်ထိပ်နေ မဝင်းဝင်းအေး၊ (၁၀)နှစ်ဖြစ်ပြီး ၎င်း၏မိခင် မဌေးနှင့်အတူ လှည်းတန်းဂုံးတံတားအောက်တွင် ပန်းရောင်းသည့် အလုပ်လုပ်ကိုင်ကြောင်းကို မိခင်ဖြစ်သူ၏ ပြောဆိုချက်အရ အတည်ပြုသိရှိခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
စစ်မေးချက်အရ နိုဝင်ဘာ ၂၄ ရက်က ၎င်းနှင့်သမီးဖြစ်သူတို့ လှည်းတန်းဂုံးတံတားအောက်၌ ပန်းရောင်းနေစဉ် ညီမဖြစ်သူမိဆယ်၏ ခင်ပွန်းဟောင်းဖြစ်သူ ပြာဂလောင် (ခ) ကျော်ကြီး ရောက်ရှိလာပြီး ၎င်းတစ်ဦးတည်း ပိုက်ဆံတောင်းရမ်းနေသည်မှာ အဆင်မပြေသဖြင့် သမီးဖြစ်သူအား ထည့်ပေးရန်ပြောရာ သမီးဖြစ်သူ မဝင်းဝင်းအေးအား ထည့်ပေးလိုက်ကြောင်း၊ ၎င်းနောက်ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် ပြာဂလောင်(ခ) ကျော်ကြီးမှာ တစ်ဦးတည်း ပြန်လည် ရောက်ရှိလာသဖြင့် သမီးဖြစ်သူအား မေးမြန်းရာ အရင်ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ပြောဆိုသော်လည်း ၎င်းမှသမီးဖြစ်သူမှာ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်း ပြန်ပြောရာ ပြာဂလောင် (ခ) ကျော်ကြီးမှ လိုက်ရှာဦးမည်ဟု ပြောဆို၍ အင်းယားကန်ဘောင်ဘက်သို့ ထွက်သွားခဲ့ကြောင်း၊ ၎င်းမှလည်း သမီးဖြစ်သူအား လိုက်လံရှာဖွေစဉ် ရဲတပ်ဖွဲ့ဝင်များမှ မိန်းကလေးငယ်တစ်ဦး သေဆုံးနေကြောင်း ဓါတ်ပုံအား ပြသသဖြင့် ကြည့်ရှုရာမှ သမီးဖြစ်သူမှာ ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာကြား ရထားသံလမ်းပေါ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရှိရပြီး အနီးတွင်လည်း ပြာဂလောင်(ခ)ကျော်ကြီး လွယ်သွားသော အပြာအဖြူစိမ်းပတ်လည်စင်းပါ ချည်လွယ်အိတ်အား တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက တပ်ဖွဲ့ဝင်များမှ နိုဝင်ဘာ ၂၅ ရက် ည ၇ နာရီခွဲ အချိန်တွင် ဝါးတန်းဆိပ်ကမ်းမှ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ မင်းရဲကျော်သူလမ်းနေ ကျော်အောင်(ခ)ကျော်ကြီး(ခ)ပြာဂလောင် (၂၉) နှစ်အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ ၎င်းမှအမှုအား ကျူးလွန်ခဲ့ကြောင်းနှင့် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent