မိုးအောင်ရင် လွယ်ထားသော အိတ်အတွင်းမှ မူးယစ်ဆေးဝါး တွေ့ရှိခဲ့ကြောင်း တရားလိုပြသက်သေ ရဲအရာရှိ ထွက်ဆို

မိုးအောင်ရင် လွယ်ထားသော အိတ်အတွင်းမှ မူးယစ်ဆေးဝါး တွေ့ရှိခဲ့ကြောင်း တရားလိုပြသက်သေ ရဲအရာရှိ ထွက်ဆို
Published 16 November 2016

မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြင့် တရားစွဲထားသည့် ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ကို နိုဝင်ဘာ ၁၆ ရက်တွင် ပုဇွန်တောင်မြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေအဖြစ် မိုးအောင်ရင်အား သွားရောက် ဖမ်းဆီးစဉ်က ပါဝင်ခဲ့သည့် ရဲအရာရှိတစ်ဦးကို စစ်ဆေးခဲ့သည်။ယင်းနေ့ရုံးချိန်းတွင် တရားလိုပြ သက်သေက သတင်းအရ မိုးအောင်ရင် ငှားရမ်းနေထိုင်သည်ဆိုသော အိမ်သို့  တာဝန်ရှိသူများနှင့်အတူ သွားရောက် ရှာဖွေကြရာ မိုးအောင်ရင်၏ သူငယ်ချင်းနှစ်ဦး အိပ်ခန်းအတွင်းမှ ဆေးခြောက်ဟု ယူဆရသောပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ကြောင်း၊ မိုးအောင်ရင်ကိုမူ ပုဇွန်တောင်မြို့နယ်ရှိ အိမ်တစ်အိမ်တွင် ၎င်းလွယ်ထားသော အညိုရောင် အိတ်အတွင်းရှိ အဖြူရောင်ပလတ်စတစ်ဖြင့် ထည့်ထားသည့် အဖြူရောင်ပုံဆောင်ခဲ၊  အာသာအဖက်တမင်း ICE မူးယစ်ဆေးဝါး တစ်ဂရမ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့၍ ၎င်းတို့သုံးဦးအား သက်ဆိုင်ရာ မြို့မရဲစခန်းများမှ အရေးယူ ဆောင်ရွက်ခဲ့ရကြောင်း အစရှိသည်တို့ကို ထွက်ဆိုခဲ့ကြောင်း သိရသည်။ထို့နောက် ရုံးချိန်းကို နိုဝင်ဘာ ၃၀ ရက် သို့ ပြန်လည် ချိန်းဆိုပေးခဲ့သည်။ပြီးခဲ့သည့် သြဂုတ်၂၉ ရက် နံနက် ၃ နာရီခန့်တွင် တာမွေမြို့မရဲစခန်းမှ တာဝန်ရှိသူများက မူးယစ်ဆေးဝါး သတင်းရရှိထားသော ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင် နေထိုင်သည့် တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ လေးထောင့်ကန်လမ်းရှိ မင်းရဲကျော်စွာ အိမ်ရာရှိ တိုက်ခန်းသို့ ဝင်ရောက်ရှာဖွေရာ သရုပ်ဆောင် မိုးအောင်ရင်အား မတွေ့ရှိဘဲ ၎င်း၏ သူငယ်ချင်း ဘုန်းမြင့်အောင်နှင့် လူလူသန်းဦး တို့အား ဆေးခြောက်ဟု ယူဆရသည့် အရွက်ခြောက်များနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရသည်။ထို့နောက် ပုဇွန်တောင်မြို့နယ်၊ (၂)ရပ် ကွက်၊ နေကြာ/သာယာကုန်းလမ်းရှိ တိုက်ခန်းအတွင်း ဝင်ရောက်ရှာဖွေရာ မိုးအောင်ရင် အား တွေ့ရှိခဲ့ရပြီး ၎င်းလွယ်ထားသည့် အညို ရောင်အိတ်အတွင်းမှ ICE ဟု ယူဆရသည့် မူးယစ်ဆေးဝါး တစ်ဂရမ်အား တွေ့ရှိခဲ့၍ ပုဇွန်တောင်မြို့မရဲစခန်းက မယပ (၆/၂၀၁၆)၊ ပုဒ်မ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့်ခဲ့သည်။

Most Read

Most Recent