သန်လျင်ြမို့နယ်တွင် သတ္တမတန်းကျောင်းသားနှစ်ဦး စကားများရန်ဖြစ်စဉ် စတီးချိုင့်ဖြင့်ရိုက်ရာ တစ်ဦးသေဆုံး

သန်လျင်ြမို့နယ်တွင် သတ္တမတန်းကျောင်းသားနှစ်ဦး စကားများရန်ဖြစ်စဉ် စတီးချိုင့်ဖြင့်ရိုက်ရာ တစ်ဦးသေဆုံး
Published 10 November 2016
မင်းသိန်းနိုင်၊ သန့်ဇင်ကျော်

သန်လျင်မြို့နယ်တွင် သတ္တမတန်း ကျောင်းသားနှစ်ဦး စကားများရန်ဖြစ်စဉ် စတီးချိုင့်ဖြင့် ရိုက်လိုက်မှုကြောင့် ကျောင်းသားတစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
 
နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်က သန်လျင်မြို့နယ် အုတ်ဖိုစုရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆင်းချိန်တွင် သန်လျင်မြို့နယ်နေ သတ္တမတန်း ကျောင်းသားတစ်ဦးဖြစ်သည့် မောင်..... (၁၄ နှစ်) သည် ၎င်း၏သူငယ်ချင်း လေးဦးနှင့်အတူ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းလမ်းအတိုင်း နေအိမ်သို့ ပြန်လာခဲ့ကြောင်း သိရသည်။
 
ထိုသို့ပြန်လာစဉ် နာရီစင်လမ်းဆုံ ပန်းခြံ အလယ်ပေါက်အနီး အရောက်၌ သတ္တမတန်းအတူတူ တက်ရောက်နေသူများဖြစ်သည့် မောင်..... (၁၂ နှစ်) နှင့် ၎င်း၏သူငယ်ချင်း ဖြစ်သူတို့အား တွေ့ဆုံခဲ့ကြောင်း သိရသည်။
 
ယင်းသို့ တွေ့ဆုံစဉ် ပြီးခဲ့သည့် လေးငါးရက်ခန့်တွင် မောင်.... (၁၂ နှစ်)က မောင်.... (၁၄ နှစ်)၏ အခန်းမှ လူများကို ကြည့်မရဟု ပြောဆိုခဲ့မှုနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦး စကားများကာ ထိုးကြိတ်ခဲ့ကြကြောင်း၊ ထိုသို့ ထိုးကြိတ်စဉ် မောင်..... (၁၂ နှစ်) က ၎င်းတွင် ပါလာသည့် သုံးဆင့်စတီးချိုင့်ဖြင့် မောင်....(၁၄ နှစ်) အား ရိုက်ခဲ့ကြောင်း ရဲတာဝန်ရှိသူများ စစ်ဆေးချက်အရ သိရသည်။ 
 
စတီးချိုင့်ဖြင့် ရိုက်ခံခဲ့ရသဖြင့် မောင်.... (၁၄ နှစ်) မှာ ယာချိုစောင်း ဖူးရောင်ဒဏ်ရာနှင့် ဝဲလက်ဖမိုး ပွန်းပဲ့ ဒဏ်ရာတို့ ရရှိကာ သန်လျင်ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ စိုးရိမ်ရလူနာအဖြစ် တင်ပို့ကုသခဲ့ရပြီး နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီခန့်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
 
“စတီးချိုင့်နဲ့ရိုက်ခံရတဲ့ ကျောင်းသားလေးက ဒီနေ့မနက် အစောပိုင်းမှာပဲ ဆုံးသွားပါတယ်။ ချိုင့်နဲ့ရိုက်တဲ့ကလေးကိုတော့ ကျွန်တော်တို့ ထိန်းသိမ်းပြီး လူငယ် လေ့ကျင့်ရေးစခန်းကို ပို့လိုက်ပါပြီ” ဟု တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
 
အဆိုပါဖြစ်စဉ်ကို သန်လျင်မြို့မရဲစခန်းမှ (ပ)၂၀၃၅/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent