သေမင်းဆိုတာ

သေမင်းဆိုတာ
Published 21 October 2016
မောင်ကြည်

မဆင်မခြင် ပရမ်းပတာပြုလုပ်တတ်သော လူတစ်ယောက်ကို လင်တော်ထားရသော မိန်းမသည် မုဆိုးမဖြစ်ဖို့ ရာခိုင်နှုန်း ၅၀ သေချာသည်။
မဆင်မခြင် ပရမ်းပတာ ထင်ရာစိုင်းပြီး မောင်းတတ်သော လိုင်းကားပေါ်တက်စီးမိတိုင်း အထက်ပါအဆိုအမိန့်လေးကို ကျွန်တော် သတိရမိသည်။ ထိုကဲ့သို့ ဒရိုင်ဘာမျိုး မောင်းသည့်ကားပေါ်မှာ စီးနင်းလိုက်ပါလာသည့် ကျွန်တော်တို့ခရီးသည်တွေ၏ ခန္ဓာကိုယ်တစ်ဝက်ကို သချုႋင်းကုန်းမှာ အပ်ထားရသလို ခံစားရပါသည်။ ကျွန်တော်တို့ ခရီးသည်တွေ ဘဝတစ်ပါးပြောင်းကြဖို့ ရာခိုင်နှုန်း ၅၀ သေချာနေပြီ မဟုတ်ပါလား။
အခုလည်း ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်ခဲ့သည့် ခရီးသည်တင်ရေယာဉ် သတင်းကို ဖတ်မိသောအခါ အထက်ပါအဆိုအမိန့်ကိုပင် ကျွန်တော် သွားသတိရမိပြန်သည်။ ဖတ်ရသည့် သတင်းအရ တင်ဆောင်ရမည့် ခရီးသည် ပမာဏထက် အဆမတန် ပိုမိုတင်ဆောင်လာခြင်းကြောင့် ရေယာဉ်တိမ်းမှောက် ရသည်ဟုသိရပါသည်။
ပို၍ဆိုးသည်က (Daily Eleven သတင်းစာပါ သတင်းအရ) တိမ်းမှောက်သည့် ရေယာဉ်တွင် လိုက်ပါလာသည့် ဦးအောင်ကျော်ဦးဆိုသူက ခရီးသည် အဆမတန်များပြားနေသည်ဟု သက်ဆိုင်သူများအား ပြောကြားခဲ့ကြောင်း၊ ဖောင်းပြင်မြို့သို့ရောက်ရှိ ချိန်တွင်လည်း ရေယာဉ်တာဝန်ရှိသူနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို သတိပေးခဲ့ကြောင်း၊ သို့ရာတွင် လုံးဝပြောလို့မရကြောင်း ဖတ်လိုက်ရခြင်းပင် ဖြစ်သည်။
ဤသို့ဖြင့် ခရီးသည်ခန့်မှန်းခြေ ၂၅၀ ကျော်ပါလာသော အောင်စိုးမိုးကျော် အမြန်ရေယာဉ်သည် အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီခန့်တွင် ယင်းမာပင်ခရိုင် ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း တိမ်းမှောက် သွားပါတော့သည်။
ရေယာဉ်ပေါ်မှာ ဆရာဝန်၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများပါလာကြောင်း သိရသည်။ လတ်တလောသိရသည့် သတင်းအရခရီးသည် ၁၅၄ ဦး ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီး အောက်တိုဘာ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၄၁ ဦး ရှာဖွေတွေ့ရှိကာ လူပေါင်း ၈၀ ကျော်ပျောက်ဆုံးနေကြောင်း သိရပါသည်။
ထို့အပြင် ပျောက်ဆုံးသူများထဲတွင် ဆရာဆရာမများ ပါဝင်လျက်ရှိပြီး တွေ့ရှိခဲ့သည့် ရုပ်အလောင်းများတွင် ကလေးသူငယ်များနှင့် အမျိုးသမီးများကို အများဆုံးတွေ့ရသည်ဟု သတင်းစာထဲမှာ ဖတ်ရပါသည်။
အဆိုပါ ရေယာဉ်တိမ်းမှောက်သည့် သတင်းသည် ယခုရက်ပိုင်းအတွင်း လူပြောအများဆုံး သတင်းဖြစ်နေပါသည်။ လက်ဖက်ရည်ဆိုင်ရောက်တော့လည်း ထိုသတင်းအကြောင်း ပြောဆိုနေကြသည်။
Facebook ဖွင့်ကြည့်တော့လည်း အများစုက ထိုသတင်းအကြောင်း ဖြစ်နေသည်။ နီးစပ်ရာ ဟိုလူဒီလူတွေက Post တွေဝိုင်းတင် ကြသည်။ တစ်ခါတစ်ရံ ကယ်ဆယ်ရေးလုပ် နေကြပုံများ၊ တစ်ခါတစ်ရံ ဆယ်ယူရရှိသည့် အလောင်းပုံများ တက်လာကြသည်။
ကာယကံရှင်တွေကတော့ ဘယ်လိုနေမည်မသိ။ အဆိုပါမြင်ကွင်းတွေကို ဘေးမှရပ် ကြည့်နေသလို ခံစားနေရသည့် ကျွန်တော်တို့ပင်လျှင် စိတ်မကောင်းဖြစ်ရသည်။ ကြားရသူတိုင်းကလည်း စုတ်တသပ်သပ်ဖြစ်ရသည်။ သြော် ဖြစ်မှဖြစ်ရလေ။ ကလေးတွေ၊ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေ၊ ဝန်ထမ်းတွေခမျာများ သနားစရာ။ လူ့အသက်တွေဟာ ဒီလိုပဲ လွယ်လွယ်နဲ့ ဆုံးရှုံးသွား ရရောလား။
တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ။ အနာဂတ်မှာ အားကိုးရမယ့် နိုင်ငံသားလေးတွေ။ မသေသင့် မသေထိုက် မသေအပ်ပါဘဲ သေသွားရရှာသူတွေ။ သေဆုံးသွားတဲ့ သဘာဝအရင်းအမြစ်တွေကို ပြန်အစားထိုး၍ရပါသည်။
သို့သော် သေဆုံးသွားသည့် လူသားအရင်းအမြစ်တွေကို ဘာနှင့်အစားထိုးမလဲ။ လေ့ကျင့်သင်ကြားထားပြီးဖြစ်၍ တိုင်းပြည်အတွက် အားကိုးရမည့်အသိပညာရှင် အတတ်ပညာရှင်တွေကို လွယ်လွယ်နှင့် အစားထိုးရမည် ထင်ပါသလား။ သေဆုံးသွားသည့် ကလေးသူငယ်တွေထဲမှာ အနာဂတ်ခေါင်း ဆောင်ကောင်းတွေ၊ ပါရမီပါလာသည့် ပညာရှင်တွေ၊ အနုပညာရှင်တွေ မပါလာဘူးဟု ဘယ်သူပြောနိုင်ပါသလဲ။
လူတစ်ယောက် သေဆုံးခြင်းသည် တိုင်းပြည်အတွက် ခွန်အားတစ်ခု လျော့ပါးသွားခြင်းဖြစ်သည်။ ‘သေသွားတော့လည်း ဘယ်တတ်နိုင်မလဲ’ ဟု လက်လွတ်စပယ် မပြောသင့်ပါ။ မသေသင့် မသေထိုက်သေးသူတွေ မသေအောင် ကာကွယ်စောင့်ရှောက်ဖို့ သက်ဆိုင်သူတွေမှာ တာဝန်ရှိပါသည်။ သို့အတွက် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ လိုအပ်ပါသည်။
သင်္ဘောတစ်စင်းပေါ်မှာ လိုက်ပါလာသည့် ခရီးသည်တွေ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ မာလိန်မှူး အပါအဝင် သင်္ဘောဝန်ထမ်းများနှင့် သက်ဆိုင်သူများအားလုံးမှာ တာဝန်ရှိပါသည်။ အကယ်၍ သင်္ဘော တိမ်းမှောက်ခဲ့သော် အဆိုပါပုဂ္ဂိုလ်များအားလုံး တာဝန်ယူရပါမည်။ တာဝန်ခံရပါမည်။
‘ခရီးသည်တွေမှာ သေမယ့်ကံ ပါလာတာပဲ’ ဟု မမြင်ရသည့်ကံကြမ္မာနှင့် သေမင်းကို လွှဲချလို့မရ။ မသေအောင် တာဝန်ယူဖို့ သူတို့အားလုံးမှာ တာဝန်ရှိသည် မဟုတ်ပါလား။
အရင်တုန်းက ‘သေမင်း’ ဆိုတာ သာမန်မျက်လုံးဖြင့် မမြင်ရသော အရာတစ်ခုလိုလို ကျွန်တော်ထင်မှတ်ခဲ့ဖူးသည်။ တကယ်တော့ ဘယ်ဟုတ်လိမ့်မတုံး။ ‘သေမင်း’ သည် ကျွန်တော်တို့နှင့် အဝေးဆုံးမှာမဟုတ်။ ကျွန်တော်တို့နှင့် လက်တစ်ကမ်းမှာ ‘သမင်း’ အမြဲရှိနေပါသည်။  ကြမ်းကြမ်းရမ်းရမ်းနှင့် မောင်းချင်သလိုမောင်းနေသော ကားပေါ်မှာလိုက်ပါလာသည့် ခရီးသည်တွေအဖို့ အဲဒီကားကို မောင်းနေသော ဒရိုင်ဘာသည် ‘သမင်း’ ဖြစ်သည်။
သင်္ဘောတစ်စင်းပေါ်မှာ တင်ရမည့် လူနှင့်ကုန်ပစ္စည်း ပမာဏကို မချိန်ဆဘဲ လောဘဇောတိုက်ကာ တင်ချင်သလိုတင်ပြီး မောင်းလာသော သင်္ဘောပေါ် လိုက်ပါလာသည့် ခရီးသည်တွေအဖို့ အဆိုပါသင်္ဘော၏ မာလိန်မှူးနှင့် ဝန်ထမ်းများသည် ‘သေမင်း’  ဖြစ်ပါသည်။
ထို့အတူပါပဲ။ မဆင်မခြင်နှင့် ပညာမဲ့ကာ ထင်ရာစိုင်းတတ်သော ခေါင်းဆောင်နောက်ကို လိုက်ပါရသော နောက်လိုက်များ အဖို့လည်း အဆိုပါခေါင်းဆောင်သည် ‘သေမင်း’ ဖြစ်ပါသည်။
ငယ်စဉ်က ကျောင်းမှာ သင်ခဲ့ရသည့် ဇာတကဝတ္ထုများထဲမှ ‘လှည်းကုန်သည်မှူး နှစ်ဦး’ အကြောင်းကို မှတ်မိကြပါလိမ့်ဦးမည်။ ဘုရားလောင်း လှည်းကုန်သည်မှူး နောက်ကိုလိုက်ပါရသော လှည်းသမားများသည် ဘီလူးများ ရန်မှကင်းဝေးကာ အသက်ချမ်းသာရာ ရခဲ့ကြသည်။ သို့သော် ဒေဝဒတ်လောင်း လှည်းကုန်သည်မှူးနောက်ကို လိုက်ပါရသော လှည်းသားများကတော့ ပညာမဲ့သည့် ခေါင်းဆောင်ကြောင့် ဘီလူးများ အစားခံလိုက်ရပါသည်။ ဘီလူးအစားခံလိုက်ရသော လှည်းသမားများအဖို့ ဒေဝဒတ်လောင်းလှည်း ကုန်သည်မှူးသည် ‘သေမင်း’ ပင် မဟုတ်ပါလား။
တကယ်တော့ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော လူတွေနှင့်အတူတကွ နေထိုင်ရခြင်းသည် ‘သေမင်း’ နှင့် အနီးကပ်ဆုံး နေရသလိုပါပဲ။ အဆိုပါလူမျိုးတွေ ဦးဆောင်ရာနောက်ကို လိုက်ပါရခြင်းသည်လည်း ‘သေမင်း’ နောက် တကောက်ကောက် လိုက်နေရတာနှင့် အတူတူပဲဟု ဆိုလိုက်ချင်ပါတော့သည်။