ရွှေဘိုသွေး

ရွှေဘိုသွေး
Published 21 October 2016
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁) မီးရထားကြီးစီးပြီး ပထမဆုံး ရောက်ဖူးသည့်မြို့က ရွှေဘိုဖြစ်သည်။ အမေတို့ အရွယ်ကောင်းစဉ်က ကိုယ့်ရွာနှင့် လက်လှမ်းမီသည့် ဘုရားပွဲ၊ နတ်ပွဲတို့ကို အုပ်စုဖွဲ့ သွားကြသည့်အလေ့ ရှိသည်။ မိမိက အငယ်ဆုံးဆိုတော့ အမေသွားရာ တကောက်ကောက်ပါစမြဲ။ ကလေးဘဝက အမေတို့နှင့်အတူ ရွှေဘိုကို နှစ်ခေါက် ရောက်ဖူးသည်။ “ရွှေဘို ရောက်ဖူးတာများ အဆန်းလုပ်လို့” ဟု ပြောစရာ ရှိသော်လည်း သူငယ်ဘ၀ ထိုစဉ်ကာလကတော့ ရွှေဘိုကို ရောက်ရခြင်းကလည်း ဧရာမ ဆုလာဘ်ကြီးတစ်ခု ဖြစ်ခဲ့သည်။ ပထမအခေါက် သွားသည့်ပွဲက မြို့ထောင့် စေတီဘုရားပွဲဖြစ်ပြီး ဒုတိယအခေါက် က အင်ကြင်းတောဘုရားပွဲ ဖြစ်သည်။ ရောက်သည့်နှစ်ပွဲစလုံးက ဘုရားပွဲတွေချည်း။ မနက်စာ စောစောစားပြီးနောက် စာရေးဘူတာကို လှည်းနှစ်စီးဖြင့် ထွက်လာခဲ့ကြသည်။ ရွှေဘိုကို မီးရထားနှင့် သွားရမည်ဆိုတော့ ‘မီးရထားကြီး စီးဖူးတော့မယ်’ ဆိုပြီး ရင်တခုန်ခုန် ဖြစ်ခဲ့ရသည့်အဖြစ်ကို မမေ့။ အချို့က မီးရထားသံလမ်းကို နားဖြင့်ကပ်ပြီး အနီးအဝေးကို စူးစမ်းကြသည်။ အချို့ကလည်း လက်မှတ်ရောင်းသည့် အပေါက်နားသွားပြီး မေးလားမြန်းလား လုပ်ကြသည်။ “ရွာထောင်က ထွက်လာပါပြီ” ဆိုတော့ တမာပင်အောက်က ကိုယ့်အဖွဲ့ရှိရာ ပြေးပြီး “ရထားလာနေပြီ ပြင်ထားကြ” ဟု လောသူက လောသည်။ သို့သော် သူလောပြီး အကြာကြီးနေမှ ရထားက ရောက်လာသည်။ ရှူးရှူးရှဲရှဲ အသံပေးပြီး ဘူတာသေးသေးလေးရှိရာ မီးရထားကြီး ပြေးဝင်လာပုံက ထိတ်များပင် ထိတ်ချင်စရာ။(၂) ကလေးဘဝက ရောက်ခဲ့သည့် အရောက်ဆိုတော့ ရောက်လို့သာ ရောက်ခဲ့သည်။ စိတ်ထဲ သဲသဲကွဲကွဲမရှိလှ။ ဘုရားပွဲဈေးတန်းကို လျှောက်ပြီဆိုတော့ အမေ့လက်ကို မလွတ်တမ်း ဆွဲထားရသည်။ ဒီလောက်များသည့် လူတွေထဲ အမေပျောက်သွားရင် မခက်ပါလား။ မုန့်ပဲသရေစာ ရောင်းသည့်ဆိုင်၊ အဝတ်အထည် ရောင်းသည့်ဆိုင်၊ အိုးခွက် ပန်းကန်ရောင်းသည့်ဆိုင်၊ ဆိုင်တွေ အများကြီးနှင့် စည်ကားနေတာကို မှတ်မိသည်။ နောက်ပြီး ကန်ရေအစပ်၌ ဆောက်ထားသည့် ဓမ္မာရုံကြီးပေါ်မှာ ထမင်းစားခဲ့ကြတာကိုလည်း မှတ်မိနေသည်။ အင်ကြင်းတောဘုရားကို သွားသည့် အခေါက်က အသိအိမ်တစ်အိမ်ကို အရင်သွားကြရသည်။ အိမ်ကိုအရောက် ခြေကျင် လျှောက်ကြရတာဆိုတော့ အိမ်ကဘယ်ဆီမှာ မသိ။ ဗိုက်က ဆာလှပြီ။ “ဗိုက်ဆာလှပြီဗျာ” ဟု ခဏခဏ ညည်းမိတော့ “ကိုကို့မှ ဆာတာ မဟုတ်ဘူး၊ ပူစူးလည်း ဆာတာပဲ” ဟု မမသောင်းရင်က စသည်။ သူကစတော့ သူ့ကို စိတ်ဆိုးသည်။ ‘ချစ်လို့စတဲ့ဥစ္စာ’ ဟု အမေက ဟန့်သည်။ ထိုစဉ်က သန်းထွန်းလေး ပြဇာတ်ပေါ်ခါစ။  ထိုစကားက ထိုပြဇာတ်ထဲမှ စကားတစ်ခွန်းဖြစ်သည်။ အင်ကြင်းတော ဘုရားပွဲဈေး၌ မှတ်မှတ်ရရ ဖြစ်ခဲ့သည်က နွားလှည်းတွေကို တစ်စစီဖြုတ်ပြီး ဆိုင်ခင်းထားသည့် မြင်ကွင်းဖြစ်သည်။ ခုကော နွားလှည်းတွေကို ဆိုင်ခင်းပြီး ရောင်းချတဲ့ ဆိုင်တွေ ရှိမှရှိသေးရဲ့လား မသိ။ မြို့တော်၏ အရှေ့မြောက်ထောင့်၌ တည်သောကြောင့် ‘မြို့ထောင့်စေတီ’ ခေါ်ကြသော်လည် ဘုရားဘွဲ့တော်က “မော်ဓော မြင်သာ” ဖြစ်သည်။ အလောင်းမင်းတရားကြီး တည်ထား ကိုးကွယ်ခဲ့သည့် နံတော်သင့်စေတီ ဖြစ်သောသောကြောင့် ဒေသခံတို့က ‘စေတီတော်’ ဟုခေါ်၍ ဘုရားပွဲကိုလည်း ‘စေတီတော် ပွဲတော်’ ခေါ်ကြသည်။ ရွှေဘို၏ အနီး၌ ပဲခူးကုန်း (ပဂိုးကုန်း) ဆိုသည့် ရွာလေးတစ်ရွာ ရှိသည်။ အလောင်းမင်းတရားကြီး ပဲခူးကို ရောက်စဉ် မွန်ဘုရင်က တစ်ပင်တိုင် မင်းသမီးလေးတစ်ပါးကို ဆက်သလိုက်သည်။ ထိုမင်းသမီးလေးကို မင်းတရားကြီးကလည်း မြတ်နိုးတော်မူသည်။ ‘ပဲခူးကုန်း’ သည် မင်းသမီးလေး၏ နောက်ပါ အခြွေအရံတို့ကို နေရာချထားပေးခဲ့သည့် နေရာဖြစ်၏ ဟုဆိုသည်။ တစ်နေ့သ၌ တစ်ပင်တိုင် မင်းသမီးလေးက သူတို့ပဲခူးက ရွှေမော်ဓောဘုရားကို ဖူးပါရစေဟု မင်းတရားကြီးထံ ခွင့်ပန်သည်။ မင်းကြီးက ပဲခူး ရွှေမော်ဓောစေတီ အချိုးအစားအတိုင်း ရွှေဘိုမြို့၏ အရှေ့မြောက်ထောင့်ရှိ ‘ဣန္ဒသာလာ’ ကုန်းမြင့်ထက်၌ စေတီတော်တစ်ဆူ တည်ထားကိုးကွယ်ခဲ့သည်။ မင်းသမီးလေး အလွမ်းပြေ ဖူးရစေဖို့ တည်ခဲ့သည့် စေတီတော်ကြီးကို သောကြာသားမင်းကြီး၏ နံတော်လည်းပါအောင် ‘မော်ဓောမြင်သာ’ ဟု ဘွဲ့တော် သတ်မှတ်ခဲ့သည်။(၃) မြန်မာနိုင်ငံ၏ သမိုင်းစဉ် တစ်လျှောက်၌ နိုင်ငံတော်ကို တစည်းတလုံးတည်း ရှိနေစေဖို့ ဦးဆောင် စည်းရုံးခဲ့သည့် မင်းသုံးပါး ရှိခဲ့သည်။ ထိုမင်းတို့သည်ကား ပထမ မြန်မာနိုင်ငံတော်ကို ဦးဆောင်ခဲ့သူ အနော်ရထာမင်းကြီး၊ ဒုတိယ မြန်မာနိုင်ငံတော်ကို ဦးဆောင်ခဲ့သူ ဘုရင့်နောင်မင်းကြီးနှင့် တတိယ မြန်မာနိုင်ငံတော်ကို ဦးဆောင်ခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျတို့ ဖြစ်သည်။ အိမ်ခြေ ၃၀၀ မျှသာ ရှိသည့် မုဆိုးဘို ရွာကလေး၌ ဦးအောင်ဇေယျကို မွေးဖွားခဲ့သည်။ မိဘများက မြေပိုင်ရှင်များ ဖြစ်ကြသည်။ အင်းဝကို ဟံသာဝတီတပ်များ သိမ်းပိုက်လိုက်ပြီးနောက် ဒုတိယ မြန်မာနိုင်ငံတော်ကြီး ပျက်စီးခဲ့ရသည်။ မုဆိုးဘိုရွာ၏ အကြီးအကဲဖြစ်သူ ဦးအောင်ဇေယျသည် ထန်းလုံးတပ် ဆောက်လုပ်ကာ လက်ရွေးစင် စစ်သူရဲကောင်း ၆၈ ယောက်နှင့် ရွာပေါင်း ၄၆ ရွာမှ တပ်သားရဲမက်တို့၏ အင်အားဖြင့် ရန်သူအပေါင်းကို ရှင်းလင်း၍ တတိယ မြန်မာနိုင်ငံတော်ကို ပြန်လည် တည်ထောင်ခဲ့သည်။ရန်အပေါင်းကို နှိမ်နင်းပြီးသော ဦးအောင်ဇေယျသည် သက္ကရာဇ် ၁၁၁၅ ခုနှစ်၌ ‘မြို့ တော်၊ ကျုံး၊ နန်းတော်၊ ရွှေချက်သိုစေတီ၊ ဗဟိုရ်စင်၊ နတ်ကွန်းတော်၊ ကန်တော်’ ဟူသော ခုနစ်ဌာနကို တစ်ပြိုင်တည်း ပန္နက်ချကာ ရွှေဘိုမြို့ကို တည်ထောင်ခဲ့သည်။ ထိုနှစ် ကို ‘ဥသြအော်မြည်-ကုန်းဘောင်တည်’ ဆိုသည့် လင်္ကာဖြင့် မြန်မာတို့ အမှတ်အသား ပြုခဲ့ကြသည်။ ကုန်းဘောင်ဆက်သည် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျမှ စတင် စီးဆင်းခဲ့သည့် မင်းဆက်ဖြစ်သည်။ နှစ်ပေါင်း ၁၃၃ နှစ် သက်တမ်းကြာမြင့်ခဲ့သည့် ကုန်းဘောင်မင်းဆက် ရာဇဝင်၌ ‘အလောင်းမင်းတရားကြီး၊ ဆင်ဖြူရှင်မင်း၊ ဘိုးတော်ဘုရားနှင့် မင်းတုန်းမင်းကြီး’ တို့သည် မြန်မာတို့ ဂုဏ်ယူလောက်သည့် မင်းတရားကြီးများ ဖြစ်၏ဟု သမိုင်းဆရာတို့ မှတ်ချက်ပြုခဲ့ကြသည်။(၄) တစ်ခါက ပုဂံမင်း ‘နရပတိစည်သူ’ သည် တိုင်းခန်း လှည့်လည်ရင်း ဤဒေသသို့ ရောက်လာစဉ် ‘ငပို’ အမည်ရသည့် မုဆိုးတစ်ဦးအား အပိုင်းအခြား နယ်နိမိတ်ပြု၍ ဤနယ်မြေကို အပိုင်စားပေးခဲ့သည်။ မုဆိုးငပို တည်ထောင်သည့် အရပ်ဖြစ်သောကြောင့် ‘မုဆိုးပို’ အမည်တွင်သည်။ ကာလကြာသော် ‘မုဆိုးပို’ မှ ‘မုဆိုးဘို’ ဖြစ်လာသည်။ မုဆိုးငပို၏ အမည်ကိုပင် သုတိသာယာစေရန် ‘ရွှေပို’ ဟု တင်စား ပြောဆိုကြရာမှ ကာလကြာသော် ‘ရွှေပို’ မှ ‘ရွှေဘို’ ဖြစ်လာ၏ဟု အဆိုရှိသည်။ ဦးအောင်ဇေယျ၏ အထက်အထက်သော မင်းဆက်ကို ဟံသာဝတီမင်းတို့ ဖျက်၍ ပျက်လတ်သော် ဟံသာဝတီမင်းတို့ကို ‘ရေ’ နှင့်နှိုင်းကာ ‘ရေကို ဖြတ်သန်းလွှမ်းမိုးရန် ကုန်းဘောင်ဖြင့် ဖြတ်ကျော်မည်’ ဆိုသည့် အဓိဋ္ဌာန်ဖြင့် ထိုဒေသကို ‘ကုန်းဘောင်’ ဟု တင်စား ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ မြို့တော်ကို တည်သည့်ကာလ၌ ‘ရန်အပေါင်းကို အောင်စေရမည်’ ဆိုသည့် နိမိတ်ကိုယူကာ တည်ဆောက်ခဲ့လေ ရကား ‘ရန်ကြီးအောင်’ ဟုလည်း အမည်တစ်မျိုး တွင်ခဲ့သည်။ မြန်မာပြည် အရပ်ရပ်ကို ပြန်လည် တိုက်ခိုက်သိမ်းပိုက် ပြီးသည့်နောက် ရှိရှိသမျှ ရတနာအပေါင်း ဤမုဆိုးဘို ဒေသသို့ လာရောက် ပေါင်းဆုံခြင်းကို ရည်ညွှန်းသောအားဖြင့် ‘ရတနာသိင်္ဃ’ ဟုလည်း ခေါ်ခဲ့ကြပြန်သည်။ထို့ကြောင့် ယခုကာလအခေါ် ‘ရွှေဘို’ ဟူသည်ကား ‘ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရတနာသိင်္ဃ၊ မုဆိုးဘို၊ ရွှေဘို’ ဟု အမည်ငါးမျိုး တွင်သော သမိုင်းပြောင်ခဲ့သည့် မြို့ကြီးတစ်မြို့ ဖြစ်သည်။ ထိုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ‘ရန်ကြီးအောင်၊ ကုန်းဘောင်ခပါလို့၊ ငါးမည်ရ ပြည်ရွှေဘို၊ ဘေးရန်ကပြို၊ မုဆိုးဘို၊ ရန်ပြို တဲ့ နာသိင်္ဃ၊ ဘိုးတော်ဒေသ’ ဟူ၍ ရှေးရှေးသော ကဝိသူမွန်တို့က လင်္ကာဖြင့် မှတ်တမ်းပြု  ခဲ့ကြသည်။(၅) ရွှေဘိုသားတို့က ထက်ထက်မြက်မြက် ရှိကြသည်။ ရွှေဘိုနယ်သားဖြစ်သည့် ဘာသာ ဋီကာကျမ်းပြု ဆရာတော်ကြီးသည်ပင် ရွှေဘိုနယ်သား ကိုရင်တစ်ပါးပါးကို သစ်ခက်ကလေး ဖြတ်ခိုင်းသည်က အစ ‘ရွှေဘိုသားကွ’ ဟု ကြုံးဝါးပြီး တစ်ချက်တည်းနှင့် ပြတ်အောင်ဖြတ်ဟု တိုက်တွန်းခဲ့ဖူးသည်ကို ထောက်၍ ရွှေဘိုသားတို့၏ ဇာတိမာန်ကို ခန့်မှန်း၍ ရနိုင်ပါသည်။ ယခင်က တန့်ဆည်ကို သွားလျှင် မုံရွာဘက်မှ လှည့်သွားကြသည်။ ခုတော့ ခရီးမိုင်ကို ချုံ့သည့် အနေဖြင့် မူးဘောင်လမ်းမှ ဖြတ်ကာ ရွှေဘို သွားလမ်းအတိုင်း မောင်းကြသည်မို့ တန့်ဆည်သွားတိုင်း ရွှေဘိုကို ရောက်ရသည်။ သို့သော် ဖြတ်သွား ဖြတ်လာမျှသာ။ ရွှေဘိုနယ်ကို ရောက်သည်နှင့် မူးတွေ၊ မြောင်းတွေ၊ တံတားတွေကို ဆက်တိုက် တွေ့ရသည်။ စိမ်းလန်းသော စပါးခင်းတို့ကို တစ်မျှော် တစ်ခေါ်ကြီး တွေ့ရသည်။ တကယ်တော့ ရွှေဘိုက အထက်မြန်မာပြည်၏ စပါးကျီတစ်ခုပဲ မဟုတ်ပါလား။ ဂီတသုခုမနယ်၌ ‘ဗုံကြီးသံ, ကောက်စိုက်တေး၊ ကျေးလက်တေး’ စသည်ဖြင့် ရွှေဘိုကို နောက်ခံထား၍ ပေါ်ပေါက်ခဲ့သည့် တေးသီချင်းတို့ များစွာရှိခဲ့သည်။ မြန်မာတို့၏ နောက်ဆုံးမင်းဆက်သည် ‘ကုန်းဘောင်’ ဖြစ်သည်။ ကုန်းဘောင်၏ အစက ရွှေဘို။ ရွှေဘို ၏ ဇာတိမာန်သည် မြန်မာ၏ ဇာတိမာန် ဖြစ်သည်။ ရွှေဘိုသွေးက ရဲသလို မြန်မာသွေးကလည်း ရဲသည်။ မြန်မာတို့၏ ကိုယ်၌ ယနေ့တိုင် ‘ရွှေဘိုသွေး’ တို့ စီးဆင်း လည်ပတ်နေဆဲ ဖြစ်၏ဟု မိမိက ယုံကြည်ထားပါသည်။
အကိုးအကား - တစ်ဘဝသံသရာ (အရှင်ဇနကာဘိဝံသ)၊ ၁၂ ပွဲ ဈေးသည်နှင့် ကျွန်မတို့အညာ (လူထုဒေါ်အမာ)၊ အင်တာနက်။