မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံအတွင်းရှိ သောက်သုံးရေကန်နှင့် မီးသတ်ရေကန်ကို ဘက်ဟိုးဖြင့်တူးပြီး စီမံကိန်းဆောင်ရွက်နေခြင်းအား မြောက်ဥက္ကလာပပြည်သူများ ကန့်ကွက်

မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံအတွင်းရှိ သောက်သုံးရေကန်နှင့် မီးသတ်ရေကန်ကို ဘက်ဟိုးဖြင့်တူးပြီး စီမံကိန်းဆောင်ရွက်နေခြင်းအား မြောက်ဥက္ကလာပပြည်သူများ ကန့်ကွက်
Published 11 October 2016
သက်မင်း

မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံအတွင်းရှိ သောက်သုံးရေကန်နှင့် မီးသတ်ရေကန်ကို ဘက်ဟိုးဖြင့် တူးပြီး ကုမ္ပဏီက စီမံကိန်းဆောင်ရွက်နေခြင်းကို မြောက်ဥက္ကလာပပြည်သူများက ကန့်ကွက်လျက်ရှိကြောင်း သိရသည်။
 
အဆိုပါ ကန်သာယာပန်းခြံအတွင်း သောက်သုံးရေနှင့် မီးသတ်ရေကန်ကို ဘက်ဟိုးဖြင့် တူးကာ စီမံကိန်းလုပ်ဆောင်နေခြင်းကို ကန့်ကွက်သော ပြည်သူများက  ကန်သာယာ ပြည်သူ့ပန်းခြံ ပြန်လည်ရရှိရေး လှုပ်ရှားမှုဦးဆောင်ကော်မတီ ဖွဲ့စည်းပြီး ကန့်ကွက်နေကြခြင်း ဖြစ်သည်။
 
“ဖူးပွင့်စံကုမ္ပဏီကနေပြီး ကန်သာယာ ပန်းခြံထဲက မီးသတ်ရေကန်နဲ့ သောက်သုံးရေကန်ကို ဘက်ဟိုးတွေနဲ့ တူးတာတွေ၊ မြေဖို့တာတွေ လုပ်နေလို့ ကျွန်တော်တို့ မြောက်ဥက္ကလာပ ပြည်သူတွေ အောက်တိုဘာ ၇ ရက်က သွားရောက် ကန့်ကွက်ခဲ့ကြတာပါ။ မီးသတ်ကန်ဟာ မြောက်ဥက္ကလာပမြို့နယ်အတွက် အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ ကော်မတီအနေနဲ့ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်ကို ဆက်လက် ဆွေးနွေးနေပါတယ်”ဟု ကော်မတီဝင် ကိုပိုင်ရဲသူက ပြောကြားသည်။
 
လက်ရှိအချိန်တွင် အဆိုပါ ကန်သာယာပန်းခြံ အဟောင်းကို ပြန်လည်ပြုပြင်ပြီး ရုပ်ရှင်ရုံနှင့် ကစားကွင်းကိုပါ တွဲ၍ ဖွင့်ထားကြောင်း သိရသည်။
 
“မြောက်ဥက္ကလာပမြို့နယ်နဲ့အတူ ဒီကန်တွေဟာ ပေါက်ဖွားလာတာပါ။ ပြည်သူပိုင်တဲ့ ပန်းခြံ၊ ပြည်သူပိုင်တဲ့ ကန်တွေပါ။ အခုလိုလုပ်နေတဲ့ စီမံကိန်းတွေကို မြင်နေသမျှ ကျွန်တော်တို့ မြောက်ဥက္ကလာပပြည်သူတွေ ရတက်မအေးနိုင်ကြဘူး။ 
ဒါကြောင့် အောက်တိုဘာ ၇ ရက်က သွားရောက်တားမြစ်ခဲ့ပါတယ်။ ဒါကြောင့် မြို့နယ်ထွေအုပ်ရုံးမှာ ဆွေးနွေးတော့ ခေတ္တရပ်ဆိုင်းမယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းအကြောင်းကို ကျွန်တော်တို့ ပြည်သူတွေကို ဘာမှ အသိမပေးသေးပါဘူး။ ဘယ်လိုစာချုပ်တွေနဲ့  လုပ်တယ်။ဘယ်လိုအပိုင်တွေနဲ့ ပတ်သက်ပြီး လုပ်တယ်ဆိုတာကို မသိရသေးပါဘူး”ဟု ကန်သာယာပန်းခြံအနီးတွင် နေထိုင်သည့် ဦးစိုးလွင်က ပြောကြားသည်။
             

Most Read

Most Recent