နဝမတန်း ကျောင်းသားနှစ်ဦး ရည်းစားကိစ္စဖြင့် ကျောင်းအတွင်း ခိုက်ရန်ဖြစ်ပွားရာမှ ဓားဖြင့်ထိုးမှု တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွား

နဝမတန်း ကျောင်းသားနှစ်ဦး ရည်းစားကိစ္စဖြင့် ကျောင်းအတွင်း ခိုက်ရန်ဖြစ်ပွားရာမှ ဓားဖြင့်ထိုးမှု တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွား
Published 30 September 2016
မင်းသိန်းနိုင်၊ သန့်ဇင်ကျော်

တောင်ဥက္ကလာပမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းတွင် နဝမတန်း ကျောင်းသားနှစ်ဦး ရည်းစားကိစ္စဖြင့် ကျောင်းအတွင်း ခိုက်ရန်ဖြစ်ပွားပြီး တစ်ဦးက ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် စုံစမ်းသိရှိရသည်။အဆိုပါကျောင်း အနီးတွင် နေထိုင်သူ တစ်ဦးက “ကျောင်းအတွင်းမှာ ဖြစ်တာဆိုတော့ ကျွန်တော်တို့လည်း သေချာ မသိပါဘူး။ ကျောင်းသားလေး တစ်ယောက်ကို ဆရာတွေ၊ ဆရာမတွေက တွဲပြီး အပြင်ကို ထွက်လာတာတော့ တွေ့ပါတယ်။ သူ့ကိုယ်မှာလည်း သွေးတွေပေနေတာ တွေ့ပါတယ်။ ဒီအနီးဝန်းကျင်မှာရှိတဲ့ ကားတစ်စီးနဲ့ပဲ ကျောင်းသားလေးကို ဆေးရုံခေါ်သွားတာ တွေ့ပါတယ်” ဟု ပြောကြားသည်။စက်တင်ဘာ ၃၀ ရက် နံနက် ၈ နာရီခွဲခန့်တွင် တောင်ဥက္ကလာပမြို့နယ် (၁၃) ရပ်ကွက် အနော်မာလမ်းရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း အတွင်း၌ နဝမတန်း (E) စာသင်ခန်းမှ မောင်..... (၁၆ နှစ်) သည် ၎င်း၏ ရည်းစားဖြစ်သူကို နဝမတန်း (G) စာသင်ခန်းမှ ကျောင်းသား မောင်.....(၁၅ နှစ်) မှ အခြားသူတစ်ဦးနှင့် အောင်သွယ်ပေးသည်ဟုဆိုကာ နှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ယင်းသို့ ခိုက်ရန်ဖြစ်ပွားနေစဉ် နဝမတန်း (E) စာသင်ခန်းမှ မောင်.....(၁၆ နှစ်) ကလက်သီးဖြင့် ထိုးသည်ကို မကျေမနပ်ဖြစ်ကာ (G) စာသင်ခန်းမှ ကျောင်းသား မောင်.... (၁၅ နှစ်) သည် ၎င်း၏ အခန်းအတွင်းသို့ ပြန်လာပြီး လွယ်အိတ်အတွင်း၌ အသင့်ပါလာသော အရိုးသုံးလက်မခွဲ အသွား သုံးလက်မခန့်ရှိ ခေါက်ဓားကိုယူကာ စာသင်ခန်းရှေ့ရှိ စင်္ကြံလမ်းတွင် မောင်..... (၁၆ နှစ်) အားထိုးခဲ့ကြောင်း ရဲတာဝန်ရှိသူများ၏ စစ်ဆေးချက်အရ သိရသည်။“သူတို့က သမီးရည်းစားကိစ္စနဲ့ အခုလို ဖြစ်ကြတာပါ။ ကလေးတွေ ဆိုတော့လည်း စိတ်လိုက်မာန်ပါ ဖြစ်ကြတာပေါ့။ ဓားနဲ့ထိုးတဲ့ ကလေးကို အထိုးခံရတဲ့ ကလေးက အရင်လက်သီးနဲ့ သုံးချက်လောက်ထိုးခဲ့တယ်လို့ စစ်ဆေးသိရတယ်။ ဒါကို လက်သီးနဲ့ အထိုးခံရတဲ့ ကလေးက မကျေမနပ်ဖြစ်ပြီး သူ့လွယ်အိတ်ထဲမှာပါတဲ့ ခေါက်ဓားကိုယူပြီး ပြန်ထိုးခဲ့တာပါ။ ခေါက်ဓားက အလှဓားလေးပါ။ လှလို့ အိတ်ထဲမှာ ဆောင်ထားတဲ့ သဘောပါ” ဟု တောင်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ယင်းသို့ ဓားထိုးခံရမှုကြောင့် မောင်.....(၁၆ နှစ်) တွင် ဝဲဘက်ရင်အုံအောက် ထိုးသွင်းဒဏ်ရာရရှိကာ ကျောင်းရှိ ဆရာ၊ ဆရာမများက ၎င်းကို သင်္ဃန်းကျွန်းဆေးရုံသို့ တင်ပို့ကုသရာ မစိုးရိမ်ရသော်လည်း ဓာတ်မှန်အဖြေတွင် နှလုံးအတွင်း အနီစက်တွေ့ရှိသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ လွှဲပြောင်းကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ဖြစ်စဉ် ဖြစ်ပွားခဲ့သည့်ကျောင်းသို့ သွားရောက်မေးမြန်းရာ ကျောင်းရှိ ဆရာမတစ်ဦးက ဖြေကြားနိုင်သည့် ဆရာ၊ ဆရာမ များမှာ လူနာကျောင်းသားအား ဆေးကုသနေသည့် ဆေးရုံသို့ သွားနေသည့်အတွက် ပြော၍မရကြောင်း ပြန်လည်ဖြေကြားသည်။အဆိုပါ ဖြစ်စဉ်အား တောင်ဥက္ကလာပ မြို့မရဲစခန်းက (ပ) ၇၂၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားပြီး အရေးယူရန် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

Most Read

Most Recent