စင်ကာပူနိုင်ငံသူ တစ်ဦးအား အငှားယာဉ်မောင်း တစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်မှု လှိုင်မြို့နယ်တွင် ဖြစ်ပွား

စင်ကာပူနိုင်ငံသူ တစ်ဦးအား အငှားယာဉ်မောင်း တစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်မှု လှိုင်မြို့နယ်တွင် ဖြစ်ပွား
Published 16 September 2016

လှိုင်မြို့နယ်တွင် စင်ကာပူနိုင်ငံသူ တစ်ဦးအား အငှားယာဉ်မောင်း တစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။စက်တင်ဘာ ၁၅ ရက် ည ၉ နာရီခန့်တွင် လှိုင်မြို့နယ် (၁၁) ရပ်ကွက်တွင် နေထိုင်သည့် စင်ကာပူနိုင်ငံသူ Mrs ..... (၂၅ နှစ်) မှာ ဗဟန်းမြို့နယ်ရှိ ပုလဲကွန်ဒိုတွင် ညစာစားပြီးချိန်တွင် ၎င်းနေထိုင်ရာသို့ အငှားယာဉ်တစ်စီး ငှားရမ်း၍ ပြန်လာခဲ့ကြောင်း သိရသည်။ထိုသို့ အငှားယာဉ်တစ်စီး ငှားပြန်လာရာ အဆိုပါယာဉ်မှ ယာဉ်မောင်းမှာ Mrs ..... (၂၅ နှစ်) နေထိုင်သည့် နေအိမ်သို့ ပို့ဆောင်ခြင်းမရှိဘဲ လှိုင်မြို့နယ် RC-2 ဝင်းအတွင်း မောင်းနှင်ခဲ့ပြီး ယာဉ်အား မှောင်ရိပ်တွင် ရပ်ခဲ့ကြောင်း သိရသည်။ထို့နောက် အငှားယာဉ်မောင်းက ယာဉ်နောက်ခန်းတွင် ထိုင်နေသည့် Mrs ..... (၂၅ နှစ်) ၏ ပါးစပ်အား လက်ဖြင့်ပိတ်ပြီး တွန်းလှဲကာ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း သိရသည်။ထိုသို့ ကြံစည်သဖြင့် Mrs ..... (၂၅ နှစ်) မှာ ရုန်းကန်ပြီး ယာဉ်ပေါ်မှ ဆင်းပြေးသွားသဖြင့် အဆိုပါယာဉ်ပေါ်တွင် Laptop တစ်လုံး၊ Ipad တစ်လုံး၊ မြန်မာငွေနှစ်သောင်းကျပ်၊ စင်ကာပူဒေါ်လာ ၃၀၀ နှင့် အမေရိကန် ဒေါ်လာ ၁၀၀ ထည့်ထားသည့် အိတ်တစ်လုံး ကျန်ရှိခဲ့ကြောင်း သိရသည်။ထို့နောက် အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည့် အငှားယာဉ်မောင်းအား အရေးယူပေးရန် လှိုင်မြို့မရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။“ကြံစည်တယ်ဆိုတဲ့ အငှားယာဉ်မောင်းကို ကျွန်တော်တို့အနေနဲ့ အမြန်ဆုံး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။အဆိုပါဖြစ်စဉ်မှ အငှားယာဉ်မောင်းအား လှိုင်မြို့မရဲစခန်းက (ပ) ၃၄၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၅၄/၄၀၃ ဖြင့် အမှုဖွင့်ထားပြီး ၎င်းကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။