အစိုးရသစ်အနေဖြင့် လူ့အခွင့်အရေးကို အလေးထားမှု ပေါ်လွင်စေရေးအတွက် နှိပ်စက်ညှဉ်းပန်းမှု ဆန့်ကျင်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် AAPP မေတ္တာရပ်ခံ

အစိုးရသစ်အနေဖြင့် လူ့အခွင့်အရေးကို အလေးထားမှု ပေါ်လွင်စေရေးအတွက် နှိပ်စက်ညှဉ်းပန်းမှု ဆန့်ကျင်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် AAPP မေတ္တာရပ်ခံ
Published 15 September 2016
ဇာလီမြင့်ဦး

အစိုးရသစ်၏ လူ့အခွင့်အရေးကို အလေးထားမှု ပေါ်လွင်စေရေးအတွက် နှိပ်စက်ညှဉ်းပန်းမှု ဆန့်ကျင်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (Convention Against Tor- ture-CAT) တွင် ပါဝင် လက်မှတ်ရေးထိုးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာ ၁၅ ရက်တွင် မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။အဆိုပါ မေတ္တာရပ်ခံပေးပို့စာတွင် လက်ရှိမြန်မာနိုင်ငံ၏ အစိုးရသစ်အနေဖြင့် ၎င်းကိစ္စအား အကောင်အထည် ဆောင်ရွက်သင့်ပါကြောင်းနှင့် ထိုသို့ ဆောင်ရွက်ပါက နိုင်ငံတကာမျက်နှာစာတွင် အစိုးရသစ်အနေဖြင့် လူ့အခွင့်အရေးကို အထူးအလေးထားသည်ကို ပေါ်လွင်စေမည်ဖြစ်ကြောင်း၊ လတ်တလောဖြစ်ပွားနေသော နှိပ်စက်ညှဉ်းပန်းမှုများကိုလည်း ဟန့်တားနိုင်ရာရောက်မည့်အပြင် တိုင်းရင်းသားများ၏ ယုံကြည်မှုပါ တိုးပွားလာစေနိုင်ကြောင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန်အလို့ငှာ နှိပ်စက်ညှဉ်းပန်းမှုကို ဆန့်ကျင်သော နိုင်ငံတကာစာချုပ် (CAT) အား လက်မှတ်ရေးထိုးပေးပါရန်အတွက် လေးစားစွာဖြင့် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။CAT အား အစိုးရမှ လက်မှတ်ရေးထိုးရန်အတွက် ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို (လက်ရှိ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်) မှ အဆိုတင်သွင်းရာ လွှတ်တော်မှ ထောက်ခံ အတည်ပြုပေးခဲ့ပြီး ဦးသိန်းစိန်အစိုးရမှလည်း လက်မှတ်ရေးထိုးမည်ဟု ထုတ်ပြန်ပြောဆိုခဲ့ပြီးဖြစ်ကြောင်း၊ သို့ရာတွင် ဦးသိန်းစိန်အစိုးရအနေဖြင့် အစိုးရသက်တမ်း ကုန်ဆုံးသည်အထိ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိကြောင်းနှင့် မြန်မာနိုင်ငံ ခေတ်အဆက်ဆက် လက်နက်ကိုင်တပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့ များမှ ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်ခဲ့သည့် သာဓကအများအပြား ရှိခဲ့ကြောင်း၊ ထိုသို့သော ညှဉ်းပန်းနှိပ်စက်မှုများကို ရပ်တန့်နိုင်ရန် CAT အား လက်မှတ်ရေးထိုးရန် လိုအပ်နေကြောင်း AAPP က ထုတ်ပြန်ခဲ့သည်။  “ပြီးခဲ့တဲ့ လွှတ်တော်မှာလည်း အတည်ပြုပြီးသားဖြစ်တဲ့အတွက် ဒီဟာကို လက်မှတ်ထိုးဖို့က အများကြီးလွယ်ကူလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီဟာသာ အကောင်အထည်ဖော်ဖြစ်ရင် အစိုးရအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အသေအချာ လေးစားလိုက်နာစေလိုတဲ့ သဘောမျိုးလည်း သက်ရောက်မှာပါ။ ပြည်သူတွေအတွက် အများကြီး အထောက်အကူဖြစ်နိုင်တယ်။ အခုအချိန်မှာ ဒီကနေ့ လွှတ်တော်က နှိပ်စက်ညှဉ်းပန်းမှုတွေ မဖြစ်အောင် ဥပဒေတွေ ဖြေလျှော့တာရှိတယ်။  ပြည်သူတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့အတွက် ပြု လုပ်နေတာကို တွေ့ရတယ်။ ဒါကအစိုးရဘက်က ကြိုးစားနေတဲ့ ကာလပေါ့။ သို့သော် တရားလက်လွှတ် ဖမ်းဆီးခံရမှုတွေ အပါအဝင် နှိပ်စက်ညှဉ်းပန်းမှုတွေ နေရာတိုင်း၊ ဒေသတိုင်းမှာ ရှိနေတယ်ပေါ့။ အဓိကက ကျူးလွန်တဲ့သူတွေဟာ ပြစ်ဒဏ်ကနေ လွတ်မြောက်နေတဲ့ အခြေအနေတွေဟာ မြန်မာနိုင်ငံမှာ ဆိုးဆိုးရွားရွား ဖြစ်နေတယ်။ ဆိုတော့ လက်ရှိအခြေအနေမှာ ကျူးလွန်တဲ့သူတွေကို တရားပြန်စွဲလို့ မရဘူး။ ကျူးလွန်တဲ့သူတွေက လွတ်မြောက်နေတယ်။ အဲဒီလိုအခြေအနေမျိုးတွေက မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်မှုတွေကို အားပေးအားမြှောက်ပြုရာ ရောက်တယ်လို့ ကျွန်တော်တို့အနေနဲ့ မြင်တယ်။ဒါ့ကြောင့် ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် နောက်ဆက်တွဲ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေမှာ ဒါတွေအတွက် လုပ်ဆောင်နိုင်တာတွေ ပါတယ်။ ဒီအချက်ကို ကြည့်ပြီး လက်မှတ်ထိုးပေးပါလို့လည်း ကျွန်တော်တို့ အနေနဲ့ တောင်းဆိုချင်ပါတယ်”ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး ဦးတိတ်နိုင် က ပြောကြားသည်။ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်စွာပြု မူခြင်း၊ လူမဆန်စွာ သို့မဟုတ် လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ဆက်ဆံပြုမူခြင်း သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းများ ဆန့်ကျင်ရေးဆိုင်ရာသဘောတူစာချုပ် (CAT) ကို ၁၉၈၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှ သဘောတူဆုံးဖြတ် အတည်ပြုခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကြီး ကိုးခုအနက် သုံးခုတွင်သာ ပါဝင်လက်မှတ်ရေးထိုးထားကြောင်း သိရသည်။ 

Most Read

Most Recent