မိတ္ထီလာ-တောင်ကြီး ကားလမ်းမတွင် တားဆီးစစ်ဆေးရာမှ ကားဆောင်းဘောက်အတွင်း သိုဝှက်သယ်ဆောင်လာသော WY ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား၊ အပြား ၇၉၈၅ ပြား ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စု မန္တလေးတောင်ပိုင်းရုံးမှ သိရှိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီကျော်က အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စု မန္တလေး (တောင်ပိုင်း) မှ ဒုရဲမှူး မြင့်သွင်နှင့် သာစည်မြို့နယ် ရဲတပ်ဖွဲ့ရုံးမှ ရဲအုပ်အောင်ကိုဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိတ္ထီလာ - တောင်ကြီး ကားလမ်းမ သာစည်မြို့နယ် ကျွဲတပ်ဆုံရထားသံလမ်းကူး အနီးတွင် ရှာဖွေစစ်ဆေးနေစဉ် တောင်ကြီးဘက်မှ ယာဉ်မောင်းဝင်းကျော်ခိုင် မောင်းနှင်ပြီး ထိန်လင်းနောင် (ခ) ကိုနောင်၊ ဇော်မင်းဦးတို့ လိုက်ပါလာသော ယာဉ်အမှတ်ၤၤ။------ နံပါတ်ပါ FF/------ နံပါတ်ပါ Toyota Corolla Fielder ငွေမင်ရောင်ယာဉ်အား တားဆီးစစ်ဆေးရာ ကားရှေ့ခန်းဝဲဘက် တံခါးအံခွက်အတွင်းမှ အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈၅ ပြားပါ တစ်ထုပ်၊ ကားနောက်ခန်းအတွင်းရှိ Infornet စာတန်းပါ အနက်ရောင် ဆောင်းဘောက်အတွင်းမှ အပြာရောင် ပလတ်စတစ် ကပ်ခွာအတွင်းမှ အဖြူရောင် ရှမ်းစက္ကူဖြင့် ပတ်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀ ပြား ပါဆယ်ထုပ် သုံးထုပ်နှင့် ကိုးထုပ်စည်းတစ်ထုပ်ပါ ဆေးပြား ၇၈၀၀ အား ဖမ်းဆီးရမိခဲ့ပြီး ဆင်းမ်ကတ်ပါ ဖုန်းသုံးလုံးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ထို့နောက် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်နေ ထိန်လင်းနောင် (ခ) ကိုနောင် အသက် (၂၇ နှစ်)၊ ဝင်းကျော်ခိုင် အသက်(၃၂ နှစ်) နှင့် ဇော်မင်းဦး (ခ) ဇော်ဦး အသက် (၂၆နှစ်) တို့အား အမှတ် (၁၈) မူးယစ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ စစ်ဆေးခဲ့ရာ အဆိုပါ စိတ်ကြွဆေးပြားများအား စက်တင်ဘာ ၁၃ ရက်က နမ့်စန်မြို့ရှိ တည်းခိုခန်း တစ်ခုတွင် တည်းခိုနေထိုင်သူ အမျိုးသား တစ်ဦးထံမှ ကျပ် ၁၀ သိန်းဖြင့် ဝယ်ယူခဲ့ပြီး ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေပေါက်ကံ စက်မှုဇုန် (၁၆) ရပ်ကွက်နေ အမျိုးသား တစ်ဦးထံ ပြန်လည်ရောင်းချရန် သယ်ယူလာခြင်း ဖြစ်ကြောင်း ကနဦး စစ်ဆေးချက်အရ သိရသည်။“ကျွန်တော်တို့တွေ တားဆီးစစ်ဆေးနေတုန်းမှာ ဒီကားက ဝင်လာတယ်။ ကားရှေ့ခန်း ဘယ်ဘက်တံခါး အံထဲမှာ ဆေးပြား စဖမ်းမိတယ်။ အဲဒီကနေ ကားတစ်စီးလုံး ဆက်စစ်ကြည့်တယ်။ အဲဒီလို အသေးစိတ်ရှာရင်း ကားနောက်ခန်းထဲမှာ ပါလာတဲ့ ဆောင်းဘောက်အတွင်းထဲကို ဖွင့်စစ်တော့ ဆေးပြား ၇၈၀၀ ထပ်တွေ့တယ်။ အဲဒါနဲ့ ဖမ်းဆီးရမိတဲ့ သူတွေကို ဆက်လက်စစ်ဆေးတော့ သူတို့က နမ့်စန်ကနေ ဝယ်လာတာ ၁၀ သိန်းပဲ စရန် ပေးခဲ့ရတယ်။ ရန်ကုန်မှာ ပြန်ရောင်းပြီးမှ နမ့်စန်ကို ငွေပြန်ချေမယ်လို့ ပြောတယ်။ အခု ဖမ်းဆီးရမိတဲ့ သုံးဦးကို သာစည်မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဆက်စပ်တရားခံတွေ ဖမ်းဆီးရမိအောင် ဆက်လက် ဆောင်ရွက်နေပါတယ်” ဟု အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စု မန္တလေးတောင်ပိုင်းမှ ဒုရဲမှူး မြင့်သွင်က ပြောကြားသည်။အဆိုပါ အမှုအား သာစည်မြို့မ ရဲစခန်းမှ မယ(ပ)၁၈/၂၀၁၆ မူးစိတ်ပုဒ်မ ၁၅/၁၉ (က)/၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မိတ္ထီလာ-တောင်ကြီး ကားလမ်းမတွင် တားဆီးစစ်ဆေးရာမှ ကားဆောင်းဘောက်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၇၉၀၀ ကျော် ဖမ်းဆီးရမိ