ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်သို့ ရောက်ရှိသည့်နေ့တွင် အမေရိကန် ဆီးနိတ်လွှတ်တော်၌ ၂၀၁၆ မြန်မာနိုင်ငံ မဟာဗျူဟာ ဥပဒေကြမ်း တင်သွင်း

ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်သို့ ရောက်ရှိသည့်နေ့တွင် အမေရိကန် ဆီးနိတ်လွှတ်တော်၌ ၂၀၁၆ မြန်မာနိုင်ငံ မဟာဗျူဟာ ဥပဒေကြမ်း တင်သွင်း
Published 14 September 2016
ငြိမ်းကို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ကို လန်ဒန်မြို့မှတစ်ဆင့် Dulles လေဆိပ်သို့ စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ရောက်ရှိခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
လေဆိပ်မှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဝါရှင်တန်မြို့တွင် တည်းခိုမည့် Blair House (ဘလဲဧည့်ဂေဟာ) ကို သွားရောက်ခဲ့ကြောင်း သိရသည်။
ဘလဲဧည့်ဂေဟာ ဆိုသည်မှာ နိုင်ငံတော် အကြီးအကဲများ၊ အစိုးရ ခေါင်းဆောင်များနှင့် ၎င်းတို့နှင့် ပါလာသည့် ဧည့်သည်တော်များ အတွက် ကိုယ့်အိမ်ကိုယ့်ရာမှာ နေရသကဲ့သို့ ခံစားနေထိုင်လို့ရအောင် ဧည့်ဝတ်ပြုခဲ့ခြင်းသည် ၁၉၄၂ ခုနှစ်ကတည်းက ဖြစ်ကြောင်း၊ အမေရိကန်သမ္မတ၏ ဖိတ်ကြားမှုတစ်ရပ်နှင့် ဒီသမိုင်းဝင် ဧည့်ဂေဟာတွင် နေထိုင်ဧည့်ဝတ် ပြုစေခြင်းသည်လည်း ထူးခြားသည့် အဆင့်မြင့်ဆုံး ဂုဏ်ပြုမှုတစ်ရပ် ဖြစ်ကြောင်း၊ နိုင်ငံခေါင်းဆောင်များ ယင်းဧည့်ဂေဟာတွင် နေထိုင်နေသည့် ကာလတွင် ၎င်းတို့နိုင်ငံ၏ အလံကို ဧည့်ဂေဟာ အထက်တွင် ဂုဏ်ယူဝင့်ကြွားစွာ လွှင့်ထူထားပေးကြောင်းနှင့် ယင်းသည်လည်း သိမ်မွေ့ပျူငှာသည့် ကြိုဆိုမှုတစ်ခု ဖြစ်သလို သံတမန်ဆက်ဆံရေး ကဏ္ဍမှာ အိမ်တော်၏ အရေးပါလှသည့် သင်္ကေတတစ်ခုလည်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စက်တင်ဘာ ၁၄ ရက်တွင် ၎င်း၏ Facebook စာမျက်နှာ၌ ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို Dulles လေဆိပ်တွင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးအောင်လင်း၊ အမေရိကန် သံတမန်ဌာန အကြီးအကဲ Ambassador Peter A. Selfridge၊ မြန်မာသံရုံးနှင့် စစ်သံရုံး ဝါရှင်တန်မြို့မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်သို့ ရောက်ရှိသည့်နေ့တွင် အမေရိကန် ဆီးနိတ်လွှတ်တော်၌ ၂၀၁၆ မြန်မာနိုင်ငံ မဟာဗျူဟာ ဥပဒေကြမ်းကို တင်သွင်းခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။
Reuters သတင်းဌာန၏ ဖော်ပြချက်အရ ဒီမိုကရက်တစ်ပါတီအမတ် Ben Cardin နှင့် ရီပတ်ဗလီကန် ပါတီအမတ် John McCain တို့က ၂၀၁၆ မြန်မာနိုင်ငံ မဟာဗျူဟာ ဥပဒေကြမ်းကို စက်တင်ဘာ ၁၃ ရက်တွင် ဆီးနိတ်လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေကြမ်းတွင် အချက်ငါးချက်ပါဝင်ပြီး အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများကို ပြုပြင်မွမ်းမံရန် သို့မဟုတ် ဖြေလျှော့ရန် ရည်ရွယ်ထားကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ ဥပဒေကြမ်းထဲတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် တိုင်းရင်းသား ပြန်လည်သင့်မြတ်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ အထောက်အပံ့ပေးရေး၊ မြန်မာ့တပ်မတော်နှင့် အမေရိကန် တပ်မတော်အကြား အကန့်အသတ်ဖြင့် ထိတွေ့ဆက်ဆံရေး၊ မြန်မာနိုင်ငံမှ အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စီးပွားရေး ထောက်ပံ့မှု ပေးရေးနှင့် မြန်မာ-အမေရိကန် ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ စတင်ထူထောင်ရေးတို့ ပါဝင်ကြောင်း Reuters သတင်းတွင် ဖော်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများအား ဖယ်ရှားဖြေလျှော့ပေးရန် အမေရိကန် အစိုးရက စဉ်းစားနေကြောင်း Reuters သတင်းဌာနက စက်တင်ဘာ ၂ ရက်တွင် ဖော်ပြခဲ့သည်။

ဝါရှင်တန်တွင် တည်းခိုမည့် ဘလဲဧည့်ဂေဟာသို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်နေစဉ် (Photo : MOFA Myanmar Facebook)
မြန်မာနိုင်ငံတွင် အင်အားလွှမ်းမိုးဆဲဖြစ်သည့် စစ်တပ်အပေါ် အမေရိကန်အစိုးရ၏ တင်းကျပ်ထားမှုများကို ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏အစိုးရအဖွဲ့ အနေဖြင့် မည်မျှဖြေလျှော့ပေးရန် လိုလားသည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်သမ္မတ အိုဘားမားက ဆုံးဖြတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း သတင်းတွင် ဖော်ပြခဲ့သည်။
သမ္မတအိုဘားမား၏ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေး ဘန်ရုဒ်သည် ကွန်ဂရက် ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် သမ္မတအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့များကို လျှော့ချရန် သို့မဟုတ် ပယ်ဖျက်ရန် ဆုံးဖြတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။
အမေရိကန် အစိုးရသည် မြန်မာနိုင်ငံအပေါ် ထားရှိသည့် အရေးယူ ပိတ်ဆို့မှု သက်တမ်းအား တစ်နှစ်တိုးမြှင့်ခြင်းကို ၂၀၁၆ ခုနှစ် မေ ၁၇ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။
သို့ရာတွင် အမေရိကန် အစိုးရသည် ဖြေလျှော့မှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံပိုင်ဘဏ် အချို့နှင့် စီးပွားရေးလုပ်ငန်း အချို့ကို တစ်သီးပုဂ္ဂလ ပစ်မှတ်ထား အရေးယူပိတ်ဆို့မှု (SDN) အောက်မှ ဖယ်ရှားပေးခဲ့သည်။
အဆိုပါ SDN အောက်မှ ဖယ်ရှားပေးခဲ့သည့် နိုင်ငံတော်ပိုင် လုပ်ငန်းခုနစ်ခုဖြစ်သည့် မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၃) သတ္တုတွင်းလုပ်ငန်း၊ သမဝါယမ ပို့ကုန်သွင်းကုန် လုပ်ငန်းတို့ဖြစ်ပြီး နိုင်ငံတော်ဘဏ် သုံးခုဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်တို့ကို SDN အောက်မှ ဖယ်ရှားပေးခဲ့သည်။
ထိုကဲ့သို့ အမေရိကန် အစိုးရသည် မြန်မာနိုင်ငံအပေါ် ထားရှိသည့် အရေးယူပိတ်ဆို့မှု သက်တမ်း တိုးမြှင့်ကြောင်းနှင့် ဖြေလျှော့မှု အချို့ပြုလုပ်ကြောင်း ကြေညာပြီး ရက်ပိုင်းအကြာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မေ ၂၂ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသည် မြန်မာ့သမိုင်းအတွက် အရေးပါရုံသာမက နိုင်ငံတကာရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ အတွက်ပါ အရေးပါကြောင်း၊ အဆိုပါ အသွင်ကူးပြောင်းမှုကို ထောက်ခံမှု ပြသသည့် အနေဖြင့် အရေးယူပိတ်ဆို့မှုများကို လျှော့ချပေးခဲ့ကြောင်း ပြောကြားသည်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုမှ အရေးယူ ပိတ်ဆို့မှုအချို့ ကျန်ရှိနေသေးသော်လည်း ကြောက်ရွံ့ခြင်း မရှိကြောင်း ပြောကြားသည်။
အမေရိကန်၏ အရေးယူပိတ်ဆို့မှု သက်တမ်းတိုးမြှင့်ခြင်းနှင့် ပတ်သက်ပြီး ၎င်း၏ သဘောထားကို Channel News Asia သတင်းဌာနက မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က “တစ်စုံတစ်ရာ အကြောင်းပြချက် တစ်ခုကြောင့်သာ အရေးယူ ပိတ်ဆို့မှုတွေ ဆက်ရှိနေတာပါ။ အချိန်တန်ရင်တော့ အဲဒီအကြောင်းပြချက်တွေ ဖယ်ရှားသွားမှာပါ” ဟု ဖြေကြားသည်။ ဆက်လက်ပြီး ၎င်းက “ဒါဟာ (အရေးယူပိတ်ဆို့မှု သက်တမ်းတိုးခြင်း) ပြဿနာကြီးတစ်ခု မဟုတ်သလို ကျွန်မတို့ (မြန်မာနိုင်ငံ) ကို ထိခိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒီအချိန်မှာ အရေးယူပိတ်ဆို့မှု သက်တမ်းတိုးခြင်းသာမက ဘယ်အတားအဆီး တွေပဲဖြစ်ဖြစ် ကျော်ဖြတ်ဖို့ ကျွန်မတို့မှာ နည်းလမ်းတွေ၊ ခွန်အားတွေ ရှိပါတယ်” ဟု ပြောကြားသည်။ 
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်း တစ်ဦးဖြစ်ပြီး ယင်းအတိုင်းပင် ဆက်လက်ရှိနေမည်ဟု ပြောကြားသည်။
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံအပေါ် ထားရှိသည့် အရေးယူပိတ်ဆို့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ခြင်း၊ တစ်သီးပုဂ္ဂလ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှု (SDN) အောက်တွင် ထားရှိသော စီးပွားရေး လုပ်ငန်းများ ပြင်ဆင်သတ်မှတ်ခြင်း၊ ထိုပစ်မှတ်ထား အရေးယူပိတ်ဆို့မှုအောက်တွင် ရှိနေသော နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများအား ဖယ်ရှားသတ်မှတ်ခြင်းတို့ကို မေ ၁၇ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အမေရိကန်သို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဟားဗတ်တက္ကသိုလ် ဟားဗတ်ဖောင်ဒေးရှင်းမှ The 2016 Harvard Humanitarian of the Year ဆုချီးမြှင့်မည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး၏ စက်တင်ဘာ ၁၄ ရက်က သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ဟားဗတ်ဖောင်ဒေးရှင်းမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို The 2016 Harvard Humanitarian of the Year ဆုချီးမြှင့်မည်ဟု သိရသည်။
ဟားဗတ်ဖောင်ဒေးရှင်းမှ နှစ်စဉ်ချီးမြှင့်သည့် အဆိုပါဆုသည် လူသားတို့၏ ဘဝနေထိုင်မှု တိုးတက်လာရန်၊ ကောင်းမြတ်သော ကျင့်ကြံမှုများကို အားကျလေးစားလာစေရန် ကြိုးပမ်းဆောင်ရွက် ခဲ့ကြသူများကို ရွေးချယ်ချီးမြှင့်ပေးသည့် ဆုဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent