တိုက်ခန်းဝယ်ရန် ပေးထားသည့် စရန်ငွေ ကျပ်သိန်း ၄၀၀ ပြန်မပေးဟုဆိုကာ သရုပ်ဆောင် အကယ်ဒမီမေသန်းနုအား လိမ်လည်မှုဖြင့် ရန်ကင်းမြို့မရဲစခန်းတွင် အမှုဖွင့်

တိုက်ခန်းဝယ်ရန် ပေးထားသည့် စရန်ငွေ ကျပ်သိန်း ၄၀၀ ပြန်မပေးဟုဆိုကာ သရုပ်ဆောင် အကယ်ဒမီမေသန်းနုအား လိမ်လည်မှုဖြင့် ရန်ကင်းမြို့မရဲစခန်းတွင် အမှုဖွင့်
Published 9 September 2016
အောင်မျိုးသန့်၊ မင်းသိန်းနိုင်

တိုက်ခန်းဝယ်ရန် ပေးထားသည့် စရန်ငွေကျပ် သိန်း ၄၀၀ ကို ပြန်မပေးဟုဆိုကာ သရုပ်ဆောင် အကယ်ဒမီမေသန်းနုအား လိမ်လည်မှုဖြင့် ရန်ကင်းမြို့မရဲစခန်းတွင် စက်တင်ဘာ ၉ ရက်က အမှုဖွင့်ထားကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ယင်းကဲ့သို့ အကယ်ဒမီ သရုပ်ဆောင်မေသန်းနုအား အမှုဖွင့်သူမှာ ကမာရွတ်မြို့နယ်နေ ဒေါ်စန်းစန်းမြင့်  (၅၅) နှစ်ဆိုသူဖြစ်ပြီး ၎င်း၏ အမှုဖွင့်တိုင်တန်းချက်တွင် လွန်ခဲ့သည့် နှစ် ၃၀ ခန့်က ရုပ်ရှင်သရုပ်ဆောင် ဒေါ်သန်းသန်းဆင့် (ခ) မေသန်းနု၏ အင်္ကျီများကို ချုပ်ပေးရာမှ စတင်ရင်းနှီးခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ဒေါ်မေသန်းနုက ဖုန်းဆက်၍ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းရှိ မြေကွက်တစ်ကွက်ပေါ်တွင် ၎င်းမှ ကန်ထရိုက်တာအဖြစ် ရှစ်ထပ်တိုက် ဆောက်လုပ်ခွင့် ရရှိထားကြောင်း ပြောဆိုခဲ့သည်ဟု ပါရှိကြောင်း သိရသည်။ ထို့ပြင် ဒေါ်မေသန်းနုက အဆောက်အအုံဆောက်လုပ်ပါက ၎င်းအနေဖြင့် ငွေလိုအပ်မည်ဖြစ်၍ ဒေါ်စန်းစန်းမြင့်အား ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူထားရန်နှင့် ယင်းအခန်းကို ပြန်လည်ရောင်းချပါက အကျိုးအမြတ်ရရှိမည်ဟု ယုံကြည်အောင် ပြောဆိုခဲ့ကြောင်း ဒေါ်စန်းစန်းမြင့်၏ အမှုဖွင့်တိုင်တန်းချက်တွင် ပါရှိသည်။ယင်းသို့ ဆောက်လုပ်မည့်တိုက်၏ ခြောက်လွှာခြေရင်းခန်းကို ကျပ်သိန်း ၁၂၀၀ ဖြင့် ရောင်းချမည်ဖြစ်ပြီး စရန်ငွေအဖြစ် ကျပ်သိန်း ၄၀၀ အား ပေးထားရန် ဒေါ်မေသန်းနုက ပြောဆိုသဖြင့် ၎င်းနေထိုင်သည့် ရန်ကင်းမြို့နယ် ၁၆ ရပ်ကွက်ရှိ နေအိမ်၌  ၂၀၁၄ ခုနှစ် ဇူလိုင် ၁၂ ရက်တွင်  တိုက်ခန်းအား အရောင်းအဝယ် အရစ်ကျစနစ်ဖြင့် နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုကာ ကျပ်သိန်း ၄၀၀ အား ဒေါ်မေသန်းနုထံ ပေးအပ်ခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။ယင်းသို့ ပေးအပ်ပြီးနောက် ၂၀၁၆ ခုနှစ် ဧပြီလအတွင်းတွင် ယင်းအဆောက်အအုံမှာ ဒေါ်မေသန်းနုက ကန်ထရိုက်တာအဖြစ် ဆောက်လုပ်ခွင့် ရထားသောတိုက် မဟုတ်ကြောင်းသိရသဖြင့် စရန်ငွေကို ပြန်ပေးရန် တောင်းဆိုခဲ့သော်လည်း ယနေ့အထိ ပြန်လည်ပေးအပ်ခြင်း မရှိဟုဆိုကာ ဒေါ်စန်းစန်းမြင့်က တိုင်တန်းအမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။“မေသန်းနုက ကျွန်မကို သူဆောက်တဲ့ ကန်ထရိုက်တိုက်ကို ဝယ်ဖို့ အကူအညီတောင်းတယ်။ အဲဒီတိုက်က ရှစ်လွှာတိုက်တဲ့။ တိုက်ဓာတ်လှေကားလည်း တပ်မယ်။ မနေချင်လို့ ပြန်ရောင်းရင် မြတ်မယ်ဆိုပြီးတော့ ကျွန်မကို ခြောက်လွှာခြေရင်းခန်း ဝယ်ခိုင်းတယ်။ ဝယ်ခိုင်းတော့ ပထမ ဝယ်ရင်ကောင်းမလား၊ မဝယ်ရင် ကောင်းမလား စဉ်းစားတာပေါ့လေ။ သြော် သူ့ကို အားပေးတာပဲလေဆိုပြီးတော့ ဝယ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ သိန်း ၄၀၀ စရန်ချ။ သိန်း ၁၂၀၀ နဲ့ပေးမယ်လို့ပြောတဲ့အတွက် ကျွန်မ သိန်း ၄၀၀ စရန်ချလိုက်တယ်။ စရန်တပ်ပြီးတော့ နောက်ပိုင်း အဲဒီတိုက်ကို မဆောက်ဖြစ်သေးဘူး ဖြစ်နေတော့ နောက်လည်းကျရော ဆောက်ဖြစ်တော့ ဒီပြင်ကန်ထရိုက်နဲ့ဆောက်တယ်။ အဲဒါကြောင့် သူ့ကို ကျွန်မပြောတယ်။ ပိုက်ဆံတွေပြန်ပေး။ ဒါမှမဟုတ်ရင် တိုက်ခန်းယူမယ် ဆိုပြီးပြောတော့ တိုက်ခန်းက သူများဆောက်လိုက်ပြီ။ အိမ်ရောင်းပြီးတော့ ပိုက်ဆံပြန်ပေးမယ်လို့ သူကပြောတယ်။ အိမ်ရောင်းပြီးတော့လည်း ကျွန်မကို ပိုက်ဆံမပေးဘူး။ အဲဒီလိုလုပ်သွားလို့ သူ့ကိုအမှုဖွင့်တာပါ”ဟု အမှုဖွင့်တိုင်ကြားသူ ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။အဆိုပါ တိုင်တန်းမှုကို ရန်ကင်းမြို့မရဲစခန်းက (ပ) ၃၀၅/၂၁၀၆ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အမှုဖွင့်ထားသည့်ကိစ္စနှင့် ပတ်သက်၍ သရုပ်ဆောင် အကယ်ဒမီမေသန်းနုအား ဆက်သွယ်မေးမြန်းရာ “အမှုဖွင့်ထားတယ်ဆိုတဲ့ကိစ္စ အန်တီက အခုမှသိတာ။ ရဲစခန်းမှာသွားပြီး စုံစမ်းနေတယ်။ ဒီသတင်းတက်လာတော့ အန်တီ့ရဲ့ ဂုဏ်သိက္ခာကျဆင်းတဲ့အတွက် အန်တီ့အနေနဲ့ ပြန်လည်ဖြေရှင်းသွားမှာပါ။ အန်တီ့ကို အခုလိုလုပ်တာကလည်း ယခင် သူနဲ့ဖြစ်ထားတဲ့အမှုမှာ သူရှုံးသွားတာကို မကျေနပ်လို့ အခုလိုလုပ်တာလို့ ထင်ပါတယ်”ဟု သရုပ်ဆောင် အကယ်ဒမီမေသန်းနုက ပြန်လည်ဖြေကြားသည်။