၁၈၈ (ရွှေအင်းဝ) ယာဉ်လိုင်းမှ ယာဉ်လုပ်သားများ၏ ဝိုင်းရိုက်ခြင်းခံရသူများဘက်က အင်းစိန်မြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားပြီး ကျူးလွန်သူများမှာ ထွက်ပြေး တိမ်းရှောင်နေ

၁၈၈ (ရွှေအင်းဝ) ယာဉ်လိုင်းမှ ယာဉ်လုပ်သားများ၏ ဝိုင်းရိုက်ခြင်းခံရသူများဘက်က အင်းစိန်မြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားပြီး ကျူးလွန်သူများမှာ ထွက်ပြေး တိမ်းရှောင်နေ
Published 8 September 2016
ဉာဏ်ဝင်းရှိန်

စက်တင်ဘာ ၄ ရက် ညပိုင်းက အင်းစိန်မြို့နယ် ဟိုက်ပတ်ခ်မှတ်တိုင်အနီးတွင် ၁၈၈ ရွှေအင်း၀ ခရီးသည်တင်ယာဉ်မှ ယာဉ်လုပ်သားများ၏ ဥပဒေမဲ့ ရမ်းကားရိုက်နှက်မှု ခံခဲ့ရသူများဘက်က စက်တင်ဘာ ၈ ရက် ညနေပိုင်းက အင်းစိန်မြို့မရဲစခန်းသို့ လာရောက် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။၁၈၈ ရွှေအင်းဝယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်အကူများက တုတ်ဖြင့် ရိုက်နှက်ခဲ့မှုကြောင့် ဒဏ်ရာရရှိသူ နှစ်ဦးမှာ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသဖြင့် အခင်းဖြစ်ပြီးပြီးချင်း ရဲစခန်းတွင် အမှုဖွင့်နိုင်ခြင်း မရှိဘဲ စက်တင်ဘာ ၈ ရက်မှသာ သွားရောက်အမှုဖွင့် ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။အင်းစိန်မြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက “ခုနကပဲ အမှုဖွင့်ဖို့ လာတိုင်ကြားပါတယ်။ တိုင်ချက်ထဲမှာတော့ ၁၈၈ ရွှေအင်း၀ ယာဉ်လိုင်းက ယာဉ်နှစ်စီးက လမ်းမှာပိတ်ပြီး ရိုက်တယ်။ သူတို့ဘက်က နှစ်ယောက်။ ယာဉ်လိုင်းဘက်ကတော့ ဘယ်နှယောက်လဲဆိုတာတော့ အကုန် မသိရသေးဘူး။ အရိုက်ခံရတဲ့သူ နှစ်ယောက်စလုံး ဒဏ်ရာရတယ်။ တစ်ယောက်ကတော့ ဒဏ်ရာပြင်းတယ်လို့ ပြောတယ်။ အခင်းဖြစ်ဖြစ်ချင်းတုန်းက လာမတိုင်တဲ့အတွက် ကျူးလွန်သူကတော့ ထွက်ပြေးသွားတော့ ကျွန်တော်တို့ ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။ယင်းသို့ ဥပဒေမဲ့ ရမ်းကားပြီး ရိုက်နှက် ထွက်ပြေးသွားသည့် ယာဉ်လုပ်သားများနှင့် ပတ်သက်ပြီး အဆိုပါ ယာဉ်လိုင်းအား သီးခြား အရေးယူပိုင်ခွင့် မထသတွင် မရှိသည့်အတွက် အရေးယူခွင့် မရှိဘဲ ဥပဒေအရသာ ရင်ဆိုင်ရမည် ဖြစ်သည်ဟု မထသ (ဗဟို) ဥက္ကဋ္ဌဖြစ်သူ ဦးလှအောင်က ပြောကြားသည်။မထသ (ဗဟို) ဥက္ကဋ္ဌဖြစ်သူ ဦးလှအောင်က “အရေးယူတဲ့ အပိုင်းဆိုတာ ကျွန်တော်တို့က မထသ စည်းကမ်း ၁၃၈ ချက်နဲ့ ပတ်သက်တဲ့ ပြစ်မှုတွေပဲ အရေးယူခွင့် ပေးတာ။ ခရီးသည်တွေကို မချေမငံ ပြောတာတို့၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာတို့ဆိုရင် ကျွန်တော်တို့ကို ဘာပြစ်မှု ပေးရမလဲ ဆိုတာ ပေးထားတယ်။ အခုဖြစ်စဉ်က ခရီးသည် မဟုတ်တဲ့အတွက် ဥပဒေအရပဲ သူတို့ ရင်ဆိုင်ကြရလိမ့်မယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဘက်က ဘာလုပ်ပေးထားလဲဆိုတော့ ဖြစ်စဉ်ဖြစ်ပွားတဲ့ ယာဉ်လိုင်းက ယာဉ်မောင်းကို သိထားပြီ။ ရိုက်တယ်ဆိုတဲ့ စပယ်ယာက မရှိဘူး။ ရှောင်နေတယ်။ နောက်တစ်ခုက ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားရင် ရဲတပ်ဖွဲ့ လိုအပ်ချက်အတိုင်း အမှန်အတိုင်း ဖြစ်ရေးအတွက် ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ ယာဉ်လိုင်းကုမ္ပဏီကို ပြောထားပါတယ်။ ကျွန်တော်တို့က ယာဉ်လိုင်းကို အရေးယူလို့ မရဘူး။ ယာဉ်လိုင်းကို အရေးယူဖို့ ဆိုတာက အကယ်၍ ယာဉ်မတော်တဆမှုဖြစ်ပြီး လူသေရင် ဖြစ်တဲ့ယာဉ်ကို ခြောက်လပိတ်တဲ့ ပြစ်ဒဏ်ကိုတောင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ပေးမှ ရပါတယ်” ဟု ပြောကြားသည်။ယာဉ်လုပ်သားများ၏ ရိုက်နှက်မှုကြောင့် ဆေးရုံတက်ရောက် ကုသခဲ့ရသူနှစ်ဦး၏ မိသားစုဝင် တစ်ဦးက “လူနာ အခြေအနေက ထူးခြားမှု မရှိဘူး။ ဦးနှောက်နဲ့ အာရုံကြောက ထူးခြားမှု မရှိရင် ခွဲစိတ်စရာ မလိုဘူးလို့ ပြောတယ်။ အခြေအနေ ကောင်းရင်တော့ ဆေးရုံ ပြောင်းဖို့ ပြောပြီး ကျန်တဲ့ကိစ္စကို ဆက်လုပ်ရမှာပါ” ဟု ပြောကြားသည်။ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အချို့မှာ ခရီးသည်များနှင့် လမ်းသွားလမ်းလာ ယာဉ်များအား ရိုင်းပျစွာ ပြောဆို ဆက်ဆံမှုများနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများမှာ ယခုနှစ်အတွင်း ပိုမိုများပြားလာနေသဖြင့် အများပြည်သူအကြား စိုးရိမ်မှုများ ရှိနေကြသည်။