သတင်းအရ လူလေးဦးကို လက်နက်ကိုင်ဆောင်မှုဖြင့် စစ်ဆေးသည့် ဒုတပ်ကြပ်တစ်ဦး ဓားထိုးခံရပြီး သေဆုံးမှု လှိုင်သာယာ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စက်တင်ဘာ ၈ ရက်တွင် စုံစမ်း သိရှိရသည်။စက်တင်ဘာ ၈ ရက် နံနက် ၀၀ နာရီ မိနစ် ၃၀ ခန့်တွင် လှိုင်သာယာမြို့နယ် ၆ ရပ်ကွက် ရန်ကုန်-ပုသိမ်ကားလမ်း၊ နဝဒေးဥယျာဉ်အိမ်ရာ အနီးတွင် လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ နယ်ထိန်းတစ်ဦးဖြစ်သော ဒုတပ်ကြပ် ရဲသီဟပါ ရပ်ရွာအခြေပြုအဖွဲ့မှ လှည့်ကင်းလှည့်လည်နေစဉ် ဓားလက်နက်ကိုင်ဆောင်ထားကြောင်း သတင်းရသဖြင့် အိမ်ရာရှေ့၌ အမျိုးသားလေးဦးကို စစ်ဆေးခဲ့သည်။ယင်းသို့ စစ်ဆေးရန် ဆောင်ရွက်စဉ် ထိုအမျိုးသားလေးဦးထဲမှ တစ်ဦးက ဒုတပ်ကြပ် ရဲသီဟကို ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ဓားထိုးခံရမှုကြောင့် ဒုတပ်ကြပ်ရဲသီဟမှာ ဘယ်ဘက်ရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိပြီး အင်းစိန်ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲခန့်တွင် သေဆုံးခဲ့ကြောင်း သိရသည်။ထိုသို့ ကျူးလွန်ပြီး ထွက်ပြေးသူ လေးဦးကို ရဲတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်း၍ ရှာဖွေဖမ်းဆီးရာ ကျူးလွန်သူများဖြစ်သည့် အင်းစိန်မြို့နယ်နေ နေလင်းထွန်း(၃၁ နှစ်)၊ လှိုင်သာယာမြို့နယ်နေ ခိုင်ဇော်ဦး (၂၁ နှစ်)၊ သင်္ဃန်းကျွန်းမြို့နယ်နေ ချစ်ရင်ထူး (၂၀ နှစ်)တို့ကို ယင်းနေ့ နံနက် ၂ နာရီခွဲခန့်တွင် နဝဒေးဥယျာဉ်အိမ်ရာဝင်း အတွင်း၌ လည်းကောင်း၊ ကျန်ကျူးလွန်သူ သင်္ဃန်းကျွန်းမြို့နယ်နေ ဆန်းလင်းအောင် (၃၁ နှစ်)ကို နံနက် ၅ နာရီခွဲခန့်တွင် အခင်းဖြစ် အိမ်ရာအနီးတွင် ကျူးလွန်သည့်ဓားနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။“ကျွန်တော်တို့က အဲဒီအိမ်ရာမှာ ညဘက် လုံခြုံရေး ဆောင်ရွက်ရတာပါ။ ရဲတွေက လာစစ်တဲ့ အချိန်မှာ အဲဒီ လူလေးယောက်ထဲက တစ်ယောက်က ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဓားနဲ့ ထိုးလိုက်တာပါ။ သုံးယောက်ကိုတော့ ကျွန်တော်တို့ နဝဒေးအိမ်ရာ ဝင်းထဲမှာ ဖမ်းဆီး ရမိပါတယ်။ ရဲကို ဓားနဲ့ ထိုးတဲ့သူက အဲဒီနားက ရေမြောင်းလေးမှာ ပုန်းနေတာပါ။ သူ့ကို အငှားယာဉ်မောင်းတွေနဲ့ ရဲတွေက လိုက်လံရှာဖွေရင်း ဖမ်းဆီးရမိတာပါ” ဟု နဝဒေး အိမ်ရာတွင် လုံခြုံရေးတာဝန် ထမ်းဆောင်သူ တစ်ဦးက ပြောကြားသည်။အဆိုပါ ဖြစ်စဉ်မှ ကျူးလွန်သူ လေးဦးအား လှိုင်သာယာမြို့မ ရဲစခန်းက (ပ) ၁၉၁၃/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။“ရဲတပ်ဖွဲ့ဝင်ကို ဓားနဲ့ ထိုးတဲ့သူကို ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အငှားယာဉ်တွေ လိုက်လံရှာဖွေရင်းနဲ့ ဖမ်းဆီးရမိတာပါ။ အခု သူတို့လေးယောက်ကို ရမန်ယူဖို့ လုပ်နေပါတယ်” ဟု လှိုင်သာယာ မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ယင်းဖြစ်စဉ်နည်းတူ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် အင်းစိန်မြို့နယ် ကမ်းနားလမ်း အနောက်ရပ်ကွက် အောင်ဇေယျအိမ်ရာ လမ်းအတွင်းသို့ အမှုမှ တရားခံကို ဖမ်းဆီးရန် အတွက် စုံစမ်းနေသည့် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေး ဌာနမှ နယ်ထိန်းရဲတပ်ကြပ် တစ်ဦးကို အင်းစိန်ရွာမအနောက် ရပ်ကွက်နေ သက်ခိုင် (၂၀ နှစ်)က ဓားဖြင့်ခုတ်၍ ရွာမ အလယ်ရပ်ကွက်နေ ချစ်ကို (၂၇ နှစ်) မှ စကေဘာဖြင့် ထိုးသဖြင့် ရဲတပ်ကြပ်မှာ သေဆုံးခဲ့ရပြီး ဖြစ်စဉ်မှ ကျူးလွန်သူ နှစ်ဦးကို မြောက်ပိုင်းခရိုင် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။ထို့ပြင် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် လာရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ဓားထိုးမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး တင်မြင့်က ဓားဖြင့် ထိုးသတ်ခဲ့ပြီး ၎င်းကို တောင်ပိုင်းခရိုင် တရားရုံးက သေဒဏ်အပြင် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သည်။
သတင်းအရ လူလေးဦးကို လက်နက်ကိုင်ဆောင်မှုဖြင့် စစ်ဆေးသည့် ဒုတပ်ကြပ်တစ်ဦး ဓားထိုးခံရ၍ သေဆုံးမှု လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွား