တိုင်းရင်းသားအားလုံး တန်းတူရေးနှင့် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်စီမံခွင့် ရလိုကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပါတီများ ၂၁ ရာစု ပင်လုံညီလာခံတွင် သဘောထားတင်သွင်း

တိုင်းရင်းသားအားလုံး တန်းတူရေးနှင့် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်စီမံခွင့် ရလိုကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပါတီများ ၂၁ ရာစု ပင်လုံညီလာခံတွင် သဘောထားတင်သွင်း
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယနေ့ အခမ်းအနား ကျင်းပနေသည်ကို စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယနေ့ အခမ်းအနား ကျင်းပနေသည်ကို စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
Published 1 September 2016
ဇာလီမြင့်ဦး

တိုင်းရင်းသားအားလုံး တန်းတူရေးနှင့် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်စီမံခွင့် ရလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပါတီများက စက်တင်ဘာ ၁ ရက်က နေပြည်တော်တွင် ကျင်းပလျက်ရှိသော ၂၁ ရာစု ပင်လုံ ပထမအကြိမ် အစည်းအဝေး ဒုတိယနေ့တွင် သဘောထားများ တင်သွင်းခဲ့သည်။အခမ်းအနားတွင် သဘောထားစာတမ်း ၃၂ စောင် တင်သွင်းရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပါတီအများစုက အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် လိုအပ်ချက်များ အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် ထားရှိသင့်သည့် အစိုးရကဏ္ဍ၊ လွှတ်တော်ကဏ္ဍနှင့် တပ်မတော်ဆိုင်ရာ ကဏ္ဍများသာမက လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ သယံဇာတ ခွဲဝေမှုတို့နှင့် သက်ဆိုင်သော အခြေခံအချက်များကို တင်ပြခဲ့ကြသည်။ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းက မိမိတို့ချင်းအမျိုးသား တပ်ဦးနှင့် ချင်းအမျိုးသားများက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ပါသည့်အတိုင်း ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးကို မိမိတို့ ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေကြောင်း သဘောထား စာတမ်းတင်သွင်းရာတွင် ထည့်သွင်းပြောကြားသည်။“ဆိုလိုတာက ကျွန်တော်တို့ချင်းတွေကို ကျွန်တော်တို့ ကိုယ်ပိုင် အုပ်ချုပ်စီမံချင်ပါတယ်။ ထိုနည်းလည်းကောင်းပဲ ပြည်ထောင်စု တစ်ဝန်းလုံးကို ပြည်ထောင်စု တိုင်းရင်းသား လူမျိုးအားလုံးနဲ့ ပူးပေါင်းပြီးတော့ အတူတကွ တန်းတူရည်တူ စီမံအုပ်ချုပ်ချင်ပါတယ် ဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနဲ့ စုပေါင်းအုပ်ချုပ်ခြင်းကို ပေါင်းစည်းထားတဲ့ ဖက်ဒရယ်စနစ်ကို ကျွန်တော်တို့လိုချင်တဲ့အကြောင်း တင်ပြရင်းနဲ့ နိဂုံးချုပ်ပါတယ်” ဟု ဒေါက်တာဆလိုင်းလျံမှုန်းက ထည့်သွင်းပြောကြားသည်။ထို့အတူ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း တိုင်းရင်းသားများအနေဖြင့် နိုင်ငံရေးအရ ဆုံးရှုံးမှုများကို ပြန်လည်ရရှိရန်အတွက် ဒီမိုကရေစီ ဘောင်အတွင်းမှ တရားဝင်ပါတီ ဖွဲ့စည်း၍သော်လည်းကောင်း၊ လက်နက်ကိုင် လမ်းစဉ်ဖြင့် သော်လည်းကောင်း တိုက်ပွဲဝင်ခဲ့သည်မှာ ယနေ့ကာလအထိဖြစ်ကြောင်း၊ လက်ရှိနိုင်ငံရေး အခြေအနေသည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်စေရေးအတွက် ရခိုင်အမျိုးသားပါတီ အပါအဝင် တိုင်းရင်းသားနိုင်ငံရေးပါတီ၊ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းကြိုးပမ်းရန်ဆန္ဒ တညီတညွတ်တည်း ရှိနေကြသော အချိန်ကာလဖြစ်ကြောင်းနှင့် ယခုကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ စစ်မှန်သည့် နိုင်ငံရေးမူဘောင်တစ်ခုကို ရေးဆွဲနိုင်ရန်အတွက် အစဖြစ်ဖို့ မျှော်လ့င်ကြောင်း သဘောထားတင်သွင်းရာတွင် ထည့်သွင်းပြောကြားသည်။ဆက်လက်၍ ဒေါက်တာအေးမောင်က နိုင်ငံရေးကဏ္ဍနှင့် ပတ်သက်၍ ပါတီ၏ သဘောထားကို တင်ပြခဲ့ရာတွင် “နိုင်ငံတော်ကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များဖြင့် ဖွဲ့စည်းသည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြင့် တည်ဆောက်ရမည်။ ဗမာပြည်နယ် အပါအဝင် ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များအား လူမျိုးကို အခြေခံ၍လည်းကောင်း၊ လူမျိုးများကို အခြေခံ၍လည်းကောင်း ဖွဲ့စည်းရမည်။ တိုင်းရင်းသားအားလုံး တန်းတူရေးနှင့် အမျိုးသားကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝပါရှိသော ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရမည်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု၏ အနှစ်သာရနှင့်အညီ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား အာဏာခွဲဝေကျင့်သုံးရမည်”  ဟု ထည့်သွင်းပြောကြားသည်။စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် ရခိုင်လူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်နှင့် ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးများအားလုံး တန်းတူရည်တူ အခွင့်အရေးကိုအာမခံသည့်၊ လူမျိုးကိုအခြေခံသော ပြည်နယ်များဖြင့် ဖွဲ့စည်းထားခြင်းကို ရည်ရွယ်ကြောင်းနှင့် လုံခြုံရေးကဏ္ဍအရ ရခိုင်ပြည်နယ်၏ ထူးခြားသော အခြေအနေများအရ ရခိုင်ပြည်နယ် နယ်စပ်ဒေသ လုံခြုံ ရေးအတွက် ကမ်းခြေစောင့်တပ်၊ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များအား ပြည်နယ်အစိုးရ လက်အောက်ရှိ ပြည်နယ်အမျိုးသား တပ်မတော်က ဖွဲ့စည်းခွင့်ရှိရမည်ဟုလည်း ဒေါက်တာအေးမောင်က ထည့်သွင်းတင်ပြသည်။ထို့ပြင် ရှမ်းအရှေ့၊ အထူးဒေသ - ၄ မိုင်းလား (NDAA)  မှ  အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က “အချုပ်ပြောမယ်ဆိုရင် ပြည်ထောင်စု မပြိုကွဲရေးကို ကျွန်တော်တို့ ဒီနေရာမှာ ထောက်ခံတယ်။ ကျွန်တော်တို့ အထူးဒေသ (၄) အနေနဲ့ဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ရရှိရေးရအောင်လို့ ကြိုးစားမယ်။တောင်းဆိုတယ်။ မနေ့ကအစည်းအဝေးမှာ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည် တင်ပြလာတဲ့ ကျွန်တော်တို့ NCA ထီးရိပ်အောက်မှာ အားလုံးချီတက်ကြပါဆိုတော့ ကျွန်တော်တို့ ထောက်ခံပါတယ်။ ငြိမ်းချမ်းရေး မရှိရင် တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်မှုရမှာ မဟုတ်ဘူး” ဟု ပြောကြားသည်။“ကျွန်တော်တို့ဟာ ရွှေတြိဂံနယ်မြေဖြစ်တဲ့အတွက် ကျွန်တော်တို့ မူးယစ်ဆေးဝါး ပပျောက်ရေးဟာ ကြိုးကြိုးစားစား လုပ်ခဲ့တယ်။ ကျွန်တော်တို့ဟာ အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်းမှာ နယ်နိမိတ် သတ်မှတ်ရေးကို ချီတက်နေတယ်။ အခုဟာ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေဟာ ကြိုဆိုတယ်။ ချီးကျူးတယ်။ လွန်ခဲ့တဲ့နှစ်က ထိုးထားတဲ့အဖွဲ့တွေ မြန်မြန်လည်းလုပ်ပါလို့ မြန်မြန်ထိုးပြီး နယ်နိမိတ် မြန်မြန်သတ်မှတ်ပါလို့ အခုဟာက သူတို့သတ်မှတ်တာတောင် မတွေ့သေးဘူး။ အဲဒီမသတ်မှတ်တဲ့ကြားမှာဆိုရင် တချို့တွေက စည်းကမ်းဖောက်ဖျက်ပြီးနောက်မှာ တခြားနေရာသွားပြီး တိုက်ပွဲဖြစ်နေတယ်။ ဆိုတော့ ကျွန်တော်တို့ မျှော်လင့်တယ်။ မြန်မြန်သတ်မှတ်ကြ၊ တည်ဆောက်ရေးထဲမှာ ပါဝင်ကြ၊ တိုင်းပြည်ဟာ မြန်မြန်လေး ဖွံ့ဖြိုးတိုးတက်တဲ့ဘဝမှာ အေးချမ်းသာယာတဲ့ဘဝမှာ ရောက်ရှိအောင် အားလုံးဒီဘက်မှာ ကြိုးစားကြပါလို့ ကျွန်တော်တို့ မျှော်လင့်တယ်” ဟု ဦးကြည်မြင့်က ဆက်လက်ပြောကြားသည်။ NDAA သည် အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ဆောင်ထားသည့် လက်နက်ကိုင် အဖွဲ့တစ်ခုလည်းဖြစ်သည်။KNU/KNLA PC မှ စောကျော်ညွန့်က ကရင်လက်နက်ကိုင်အဖွဲ့သုံးဖွဲ့၏ သဘောထားအဖြစ် စာတမ်းတင်ပြခဲ့ရာတွင် ပင်လုံစာချုပ်ကို မြစ်ဖျားခံပြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် ဖွဲ့စည်းပုံဆိုင်ရာ လမ်းညွှန်မှုအခြေခံဖြစ်သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် နိုင်ငံတော်ဟူသည့် စကားရပ်၏ အဓိပ္ပာယ်မှာ ပြည်ထောင်စုနိုင်ငံတစ်ခုတည်းကို မရည်ရွယ်ဘဲ ပြည်ထောင်စုနှင့်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကို ရည်ညွှန်းထားသော်လည်း ၁၉၇၄ ခုနှစ်နှင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံတွင် နိုင်ငံတော်ဟူသော စကားရပ်မှာ ဗဟိုအစိုးရကိုသာ ရည်ညွှန်းထားပြီး ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ အခန်းကဏ္ဍ မပါရှိသည်ကို သိရကြောင်း ထည့်သွင်းပြောကြားသည်။“ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်သည် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး၊ လုံခြုံရေးဆိုင်ရာ ပြု ပြင်ပြောင်းလဲရေး အခန်းကဏ္ဍတွင် တက်ကြွစွာ ပါဝင်ဆောင် ရွက်သွားမည်ဖြစ်သကဲ့သို့ ဒီမိုကရေစီစံနှုန်းဖြစ်သော စစ်တပ်သည် အရွေးချယ်ခံ အရပ်သားအစိုးရ၏ ကွပ်ကဲမှုအောက်တွင် ရှိရမည် ဆိုသည့်မူကို လက်ခံပါသည်။ ထို့ကြောင့် ဖြစ်ထွန်းလာမည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု၏ လုံခြုံရေး ကဏ္ဍတွင် လွတ်လပ်ပြီး တရားမျှတသော ပြည်နယ်မှ ရွေးချယ်တင်မြှောက်သည့် ဝန်ကြီးချုပ်၏ လက်အောက်တွင် ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့အဖြစ် ရပ်တည်သွားမှာဖြစ်ပါသည်။ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာမှာ နိုင်ငံရေး သဘောတူညီချက်များအပေါ် အခြေခံပြီး တစ်ဆင့်ချင်း တိုးတက်မှုဖြင့် ပြောင်းလဲဆောင်ရွက်သွားရန်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် နိုင်ငံသားအားလုံး၏ အခွင့်အရေးကို အကာအကွယ်ပေးသော ဥပဒေများကို ပြဋ္ဌာန်းသတ်မှတ်နိုင်ရန် ဖြစ်ပါသည်” ဟုလည်း စောကျော်ညွန့်က ဆက်လက်ပြောကြားသည်။  ညီလာခံဒုတိယနေ့အဖြစ် အဖွဲ့အစည်းအသီးသီး ကိုယ်စားသဘောထားများ တင်ပြမှုများအပြီး သဘာပတိဖြစ်သူ KNU မှ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက အပိတ်မိန့်ခွန်းပြောကြားရာတွင် “သဘောထား တင်ပြချက်တွေမှာ တချို့ကဏ္ဍတွေမှာ တူညီတဲ့အမြင်တွေရှိ သလို၊ တချို့ကဏ္ဍတွေမှာ မတူညီတဲ့အမြင်တွေ ရှိကြပါတယ်။ ဒီသဘောထား အမြင်မတူညီမှုဟာ သဘောထား ကွဲလွဲမှု မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ ရည်မှန်းချက်မတူပေမယ့်လည်း အကောင်အထည်ဖော်တဲ့နေရာမှာ ဆိုလိုတာက အနာဂတ် မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ချက်တွေဟာလည်းပဲ အကောင်အထည်ဖော်တဲ့နေရာမှာ၊ အမြင်မတူ ဆောင်ရွက်နည်း အမြင်မတူတဲ့အပေါ်မှာ တင်ပြခြင်း ဖြစ်ပါတယ်။ ဒီမတူညီမှုတွေကို အခြေခံပြီးတော့ အနာဂတ်မှာ ကျွန်တော်တို့ ညှိနှိုင်း အဖြေရှာ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”  ဟု ပြောကြားသည်။ညီလာခံတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေး ပါတီများမှ သဘောထားစာတမ်း ၇၆ စောင် တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာ စုပင်လုံကို သြဂုတ် ၃၁ ရက်မှ စတင်ပြုလုပ်ခဲ့ရာ လေးရက်ကြာ ပြုလုပ်မည်ဖြစ်သည်။