ဘုန်းတော်ကြီးကျောင်းများ၌ ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် နိုင်ငံရေး ကိစ္စများအား ခွင့်ပြုချက်မတင်ဘဲ ပြုလုပ်ပါက အရေးယူ ခံရနိုင်ကြောင်း ရခိုင်ပြည်နယ် ရဲမှူး ပြောကြားမှု ဒေသခံများ လက်မခံ

ဘုန်းတော်ကြီးကျောင်းများ၌ ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် နိုင်ငံရေး ကိစ္စများအား ခွင့်ပြုချက်မတင်ဘဲ ပြုလုပ်ပါက အရေးယူ ခံရနိုင်ကြောင်း ရခိုင်ပြည်နယ် ရဲမှူး ပြောကြားမှု ဒေသခံများ လက်မခံ
Published 28 August 2016
သန်းလှိုင်

ဘုန်းတော်ကြီးကျောင်းများ၌ ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် နိုင်ငံရေး ကိစ္စများကို ခွင့်ပြုချက်မတင်ဘဲ ပြုလုပ်ပါက ဥပဒေနှင့်အညီ အရေးယူ ခံရနိုင်ကြောင်း ပြည်နယ်ရဲမှူး၏ ပြောကြားမှုအပေါ် ဒေသခံများက လက်ခံနိုင်စရာ အကြောင်းမရှိဟု ပြောဆိုကြသည်။“ကျွန်တော်တို့ ဘာတွေ တွေ့နေရလဲ ဆိုတော့ ရဟန်းသံဃာကို အသုံးချပြီးတော့ လုပ်နေတာ တွေ့ရတယ်။ ရဟန်းသံဃာတော်တွေနဲ့ မသင့်တော်ပါဘူး။ ပြည်နယ် ဝန်ကြီးချုပ်ကိုလည်း ကျွန်တော် တင်ပြတယ်။ မဲပေးတဲ့ နေရာမှာတော့ ရဟန်းသံဃာတွေကို နိုင်ငံရေးထဲ မပါဘူး။ ငြိမ်းစုစီမှာလည်း ရဟန်းသံဃာတွေ နိုင်ငံရေး လုပ်တာတော့ မသင့်တော်ပါဘူး။ လူထုက ဘုန်းကြီးတွေကို အသုံးချပြီးတော့ လုပ်ဆောင်တယ်။ ဆိုလိုချင်တာတော့ တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ကျစေတဲ့ ဆိုင်းဘုတ်မျိုး မသုံးသင့်ပါဘူး။ နောက်တစ်ခုက ဘာသာရေး ဘုန်းကြီးကျောင်းတွေမှာ ငြိမ်းစုစီ ဥပဒေနဲ့ မညီညွတ်ဘဲ လုပ်နေတာ ရှိတယ်။ ဘာသာရေးကိစ္စ လုပ်မယ် ဆိုရင်တော့ လုပ်လို့ရပါတယ်။ နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးပွဲ၊ ရှုတ်ချပွဲတွေ လုပ်တယ်ဆိုရင်တော့ ငြိမ်းစုစီ ဥပဒေနဲ့ အကျုံးဝင်ပါတယ်။ ဥပဒေနဲ့ မညီရင်တော့ ခွင့်ပြုချက် တင်ရမှာ ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းတွေမှာ ဆွေးနွေး ဟောပြောပွဲတွေ လုပ်မယ် ဆိုရင်လည်း ခွင့်ပြုချက် တင်ရမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့ မညီတာတွေ လုပ်ရင်တော့ ဥပဒေနဲ့အညီ အရေးယူရမှာ ဖြစ်ပါတယ်။ တစ်စုံတရာ ပြဿနာ မဖြစ်ဖို့ အတွက် အခုလို ပြောဆိုတာ ဖြစ်ပါတယ်” ဟု ပြည်နယ်ရဲတပ်မှူး စိန်ဝင်းက သြဂုတ် ၂၆ ရက်တွင် ကျင်းပသော လူထုသို့ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ထိုသို့ ပြောဆိုခြင်းအပေါ် ဒေသခံများက သဘောမတူဘဲ မြန်မာ့နိုင်ငံရေး၊ လွတ်လပ်ရေး သမိုင်းကြောင်း၌ ဘုန်းကြီးနှင့် လွတ်ကင်းမှု မရှိခဲ့သည်ကို သတိပြုရမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုပြီး အမှန်မှာ နိုင်ငံရေးအရ အသုံးချပါဟု အနစ်နာခံ တိုက်တွန်းသည်မှာ ဆရာတော်အချို့ ကိုယ်တိုင်ပင်ဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။“ကျွန်တော်တို့ရဲ့ အစည်းအဝေးက ပွင့်ပွင့်လင်းလင်း ရှိတယ်။ ရဲထောက်လှမ်းရေးတွေလည်း တက်တယ်။ အင်တာနက်မှာလည်း တင်ပြတယ်။ ကျွန်တော်တို့ ဘာလုပ်မယ်ဆိုတာကို အားလုံး သိရတယ်။ ဗလီတွေက အစည်းအဝေးတွေကျ ရဲလည်း မဝင်နိုင်ဘူး။ ဘာတွေကို ဆွေးနွေးကြမှန်း အင်တာနက်ပေါ်လည်း မတင်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ဘင်္ဂါလီတိုင်း သိတယ်။ ဒါတွေကို အခု ရောက်ရှိနေကြတဲ့ တာဝန်ရှိ လူကြီးမင်းတွေက ပိုသိမှာပါလို့ ပြောချင်တယ်” ဟု စစ်တွေမြို့မှ လူမှု အဖွဲ့အစည်းများ ညှိနှိုင်းရေး ကော်မတီဝင် ဦးစိုးနိုင်က ပြောကြားသည်။

Most Read

Most Recent