မူးယစ်ဆေးဝါး သုံးစွဲသူ လူငယ်များ အသိပညာပေးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် လူငယ်များ ပြုစုပျိုးထောင်ရေးစခန်းအသစ် ၁၄ ခု တိုးချဲ့ဖွင့်လှစ်ရန် ဆောင်ရွက်နေ

မူးယစ်ဆေးဝါး သုံးစွဲသူ လူငယ်များ အသိပညာပေးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် လူငယ်များ ပြုစုပျိုးထောင်ရေးစခန်းအသစ် ၁၄ ခု တိုးချဲ့ဖွင့်လှစ်ရန် ဆောင်ရွက်နေ
Published 27 August 2016

မူးယစ်ဆေးဝါး သုံးစွဲသူ လူငယ်များ အသိပညာပေးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းနှင့်ပြည်နယ် ၁၄ ခု၌ လူငယ်များ ပြုစုပျိုးထောင်ရေးစခန်း အသစ် ၁၄ ခု တိုးချဲ့ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်၌ ရှင်းလင်းပြောကြားသည်။ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက နေပြည်တော်တွင် သြဂုတ် ၂၆ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမောင်၏ မေးခွန်းအားဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ဖယ်ခုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးမောင်က “ရွှေပြည်အေး လူငယ် ပြန်လည်ထူထောင်ရေး စခန်းအား ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” တို့နှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်းဖြစ်သည်။“မြန်မာနိုင်ငံ အနှံ့အပြား ပျံ့နှံ့နေတဲ့ မူးယစ်ဆေးသုံးစွဲသူ လူငယ်များကို အသိပညာပေးရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် လည်းကောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူ ပြဿနာ များ ကြုံတွေ့နေရတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အချို့မှာရှိတဲ့ ဒေသခံပြည်သူများမှ ပြန်လည်ထူထောင်ရေး စခန်းများ အမြန်ဆုံး တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ပေးနိုင်ရန် လိုလား တင်ပြချက်များအရ လည်းကောင်း၊ မူးယစ်ဗဟို အဖွဲ့ရဲ့ ဆောင်ရွက်လျက်ရှိတဲ့ သုံးစွဲမှု ပပျောက်ရေး ကဏ္ဍဟာ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ဖို့ အတွက် လည်းကောင်း မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ပတ်သက်ပြီး မူးယစ်ဆေးသုံးစွဲသူ ဝေဒနာရှင်များ လမ်းမှားပေါ် မရောက်ရှိစေရေးအတွက် ပြုစုပျိုးထောင်ရေး၊ ပညာပေး လေ့ကျင့်ရေး၊ ပြန်လည်ထူထောင်ရေး စခန်းတွေ အမြန်ဆုံး ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ရေးတို့ အတွက်လည်းကောင်း အလေးထား ဆောင်ရွက်တဲ့ အခါမှာ မူလ ရှိပြီးဖြစ်တဲ့ လူငယ်များ ပြုစုပျိုးထောင်ရေးစခန်း သုံးခုအပြင်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုတို့မှာလည်း မူလဖွဲ့စည်းပုံအတိုင်း လူငယ်ပြုစုပျိုးထောင်ရေး စခန်းများ အသစ်ထပ်မံ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားရန် လိုအပ်လာကြောင်း တွေ့ရှိခဲ့ရပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။ထို့ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခု၌ လူငယ်များ ပြုစုပျိုးထောင်ရေးစခန်း အသစ် ၁၄ ခု တိုးချဲ့ဖွင့်လှစ်ရန်နှင့် လူငယ်များ ပြုစုပျိုးထောင်ရေးစခန်း ပြည်မြို့၊ ဝက်ထီးကန်အား မူလအတိုင်း ထားရှိပြီး ရွှေပြည်သစ် လူငယ်များ ပြုစုပျိုးထောင်ရေးစခန်းအား မူဆယ်မြို့၊ တီမရွာမှ လားရှိုးမြို့သို့ လည်းကောင်း၊ ရွှေပြည်အေး လူငယ်များ ပြုစုပျိုးထောင်ရေး စခန်းအား ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့မှ ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ လည်းကောင်း ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ချက်အရ ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ သဘောတူခွင့်ပြုခဲ့ပြီး ဖြစ်သည့်အတွက် အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။မူးယစ်ဆေးစွဲသူများကို ဆေးကုသခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဦးဆောင်သည့် ဆေးကုသရေးအဖွဲ့နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ဦးဆောင်သည့် ပြန်လည်ထူထောင်ရေး အဖွဲ့တို့ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၌ မူးယစ်ဆေး စွဲသူများအား ဆေးကုသပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မူးယစ်ဆေးစွဲရောဂါကု ဌာနကြီး ၂၆ ခု၊ မူးယစ်ဆေးစွဲရောဂါကု ဌာနငယ် ၄၇ ခုတို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ နမ့်လတ်၊ မြဝတီ၊ ကော့သောင်းတို့တွင် ပြန်လည်ထူထောင်ရေး စခန်းများ ဖွင့်လှစ်ထားရှိပြီး လောလောဆယ်၌ နမ့်လတ်၊ မြဝတီ၊ ကော့သောင်းစခန်းများ၌ သင်တန်းသား မရရှိသဖြင့် ပိတ်သိမ်းထားကြောင်း သတင်းရရှိသည်။လူငယ်များ ပြုစုပျိုးထောင်ရေးစခန်း သုံးခုဖြစ်သည့် ရွှေပြည်အေး လူငယ်များ ပြုစုပျိုးထောင်ရေး စခန်း(ဖယ်ခုံ)၊ ရွှေပြည်သာ လူငယ်များ ပြုစုပျိုးထောင်ရေးစခန်း (ဝက်ထီးကန်) နှင့် ရွှေပြည်သစ် လူငယ်များ ပြုစုပျိုးထောင်ရေး စခန်း (တီးမ)တို့အနက် ရွှေပြည်သစ် လူငယ်များ ပြုစုပျိုးထောင်ရေးစခန်း (တီးမ) သည် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှ စ၍ လုံခြုံရေး အခြေအနေအရ ပိတ်သိမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းပြောကြားသည်။ရွှေပြည်အေးလူငယ်များ ပြုစုပျိုးထောင်ရေးစခန်း(ဖယ်ခုံ)သည် ၁၉၈၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ သင်တန်းအပါတ်စဉ် ၂၈ ခု ဖွင့်လှစ်ခဲ့ကြောင်း မူးယစ်ဆေးစွဲလူနာ ၄၂၇ ဦးအား ဆေးဖြတ်ကုသပေးခဲ့ကြောင်း၊ ရွှေပြည်အေးလူငယ်များ ပြုစုပျိုးထောင်ရေး စခန်းတွင် ၂၀၀၅ ခုနှစ်နောက်ပိုင်း၌ သင်တန်းသား မရရှိသဖြင့် သင်တန်းများ မဖွင့်ဖြစ်သည်မှာ ယနေ့အထိဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းတင်ပြသည်။

Most Read

Most Recent