မူးယစ်ဆေးဝါးများ အဆမတန် ပေါများနေခြင်းနှင့်အတူ လူသတ်မှု၊ သက်ငယ်မုဒိမ်းမှု၊ လူကုန်ကူးမှုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ တစ်နှစ်ထက်တစ်နှစ် များပြားလာမှုသည် တရားဥပဒေ စိုးမိုးရေး အားနည်းနေသည်ကို အချက်ပေးခေါင်းလောင်း ထိုးလိုက်ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆွေးနွေးမူးယစ်ဆေးဝါးများ အဆမတန် ပေါများနေခြင်းနှင့် အတူ လူသတ်မှု၊ သက်ငယ် မုဒိမ်းမှု၊ လူကုန်ကူးမှုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ တစ်နှစ်ထက်တစ်နှစ် များပြားလာမှုသည် တရားဥပဒေ စိုးမိုးရေး အားနည်းနေသည်ကို အချက်ပေး ခေါင်းလောင်းထိုးလိုက်ခြင်း ဖြစ်ကြောင်း ကလေးမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူက ဆွေးနွေး ပြောကြားသည်။ဒေါ်အေးအေးမူက နေပြည်တော်တွင် သြဂုတ် ၁၆ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ် ပြင်ဆင်တင်သွင်းသည့် “အစိုးရသစ်၏ လုပ်ငန်းစဉ်တွင် ပါဝင်သော တရားဥပဒေ စိုးမိုးရေး၊ ခိုင်မာသော နိုင်ငံ တည်ဆောက်ရေးတို့အတွက် အဟန့်အတား အနှောင့်အယှက် ဖြစ်နေသောကြောင့် မှုခင်း ကျဆင်းရေးကို အမြန်ဆုံး ဖော်ဆောင်ရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း” အဆိုနှင့် ပတ်သက်၍ ဆွေးနွေးရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။တရားဥပဒေ စိုးမိုးရေးကို အာရုံစိုက်မှု အားနည်းသည့်အခါ လူတစ်စု၊ တစ်ဖွဲ့အတွက် ဥပဒေမဲ့ လုပ်ရပ်များကို အလွယ်တကူ လုပ်နိုင်ရန် အခွင့်အလမ်း ပေးသလို ဖြစ်နေကြောင်း၊ ပြည်သူအား မျက်နှာမူသည့် အစိုးရသစ် အနေဖြင့် ပြည်သူလူထု လိုလားတောင်းတသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံကို အကောင်အထည်ဖော် တည်ဆောက်ရာတွင် အဓိက ကျသည့် တရားဥပဒေ စိုးမိုးရေး အပေါ် အာရုံစိုက် လုပ်ဆောင်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူက တင်ပြဆွေးနွေးသည်။အစိုးရ အဆက်ဆက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို နှိမ်နင်းခဲ့သော်လည်း အမြစ်ပြတ် မရှင်းနိုင်သေးသည့် နာတာရှည် ရောဂါသည်ကြီးလို ဖြစ်နေခြင်းသည် နိုင်ငံ့ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေကြောင်း၊ ခိုင်မာသည့် ဈေးကွက်ကြီး တစ်ခုကဲ့သို့ မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားနေခြင်းသည် တရားဥပဒေ စိုးမိုးရေး အားနည်းနေခြင်းက လွဲရင် အခြား ဘာအကြောင်းမျှ မရှိပါကြောင်း ဒေါ်အေးအေးမူက ဆိုသည်။“မြန်မာပြည် တစ်နံတစ်လျား မူးယစ်ဆေးဝါးများ အဆမတန် ပေါများနေခြင်းနဲ့ အတူ အခြား ရာဇဝတ်မှုတွေဖြစ်တဲ့ လူသတ်မှု၊ မုဒိမ်းမှု၊ သက်ငယ် မုဒိမ်းမှုနဲ့ လူကုန်ကူးမှု ကဲ့သို့သော လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများဟာ တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာနေခြင်းဟာ တရားဥပဒေ စိုးမိုးရေး အားနည်းနေပြီဆိုတဲ့ အချက်ပေးခေါင်းလောင်း ထိုးလိုက်သကဲ့သို့ ဖြစ်နေပါတယ်” ဟု ဒေါ်အေးအေးမူက အဆိုအပေါ် ဆွေးနွေး ပြောကြားသည်။အစိုးရသစ်၏ လုပ်ငန်းစဉ်တွင် ပါဝင်သော တရားဥပဒေ စိုးမိုးရေး၊ ခိုင်မာသော နိုင်ငံတော် တည်ဆောက်ရေးတို့အတွက် အဟန့်အတား အနှောင့်အယှက် ဖြစ်နေသောကြောင့် မှုခင်းကျဆင်းရေးကို အမြန်ဆုံး ဖော်ဆောင်ရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးရန် အမည်စာရင်း ပေးထားပြီး လက်ရှိတွင် ကိုယ်စားလှယ် ရှစ်ဦး ဆွေးနွေးပြီးပြီ ဖြစ်သည်။အဆိုနှင့် ပတ်သက်၍ သံတွဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းကြည်က “တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ လုံခြုံရေး တာဝန်ရှိသူများ အကျင့်ပျက် ခြစားခြင်းတို့ကြောင့် အမှုအခင်းများ တိုးပွားလာကာ လူငယ်များ အမှားကွင်းဆက် သံသရာမှာ လည်နေတာကို တွေ့ရပါတယ်။ ယင်းပြဿနာများကို စနစ်တကျ လေ့လာပြီး ဖြေရှင်းနိုင်မယ့် ရေတိုရေရှည် နည်းလမ်းများကို ရှာကြံရမှာ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှု ရှိစေရန် လုံခြုံရေး တိုးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးများကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ပိုက်စိတ်တိုက် နှိမ်နင်းခြင်းဖြင့် ဒုစရိုက်မှုများကို ဖြေရှင်းရမှာ ဖြစ်ပါတယ်” ဟု ဆွေးနွေးသည်။မှုခင်းပြစ်မှုများကို လေ့လာကြည့်ပါက အရက်သေစာ သောက်စားမှုကြောင့် ၇၅ ရာခိုင်နှုန်း၊ လောဘဒေါသကြောင့် ၂၅ ရာခိုင်နှုန်း၊ နေ့အချိန်တွင် ရာခိုင်နှုန်း ၄၀ နှင့် ညအချိန်တွင် ရာခိုင်နှုန်း ၆၀၊ မြို့ပြတွင် ရာခိုင်နှုန်း ၃၀ နှင့် ကျေးလက်ဒေသတွင် ရာခိုင်နှုန်း ၇၀ ဖြစ်ပွားနေသည်ကို တွေ့ရှိရကြောင်း လွှတ်တော်ကိုယ်စားလှယ်များက တင်ပြ ဆွေးနွေးသည်။“လူငယ်များ ဒုစရိုက်မှုများ၊ အမှုအခင်းများကို ကျူးလွန်ရန် အဓိက လုပ်ဆောင်ပေးမှုမှာ ဆင်းရဲမွဲတေမှုကြောင့် စိတ်ထွက်ပေါက် ရှာကြခြင်း၊ မူးယစ်ဆေးဝါး ရောင်းချတဲ့ ဂိုဏ်းများနှင့် ချိတ်ဆက်ပြီးတော့ မူးယစ်ဆေးဝါးရဲ့ သားကောင်များ ဖြစ်ကြတာကိုလည်း တွေ့ရပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကြည်က ဆိုသည်။မှုခင်း ကျဆင်းရေးကို အမြန်ဆုံး ဖော်ဆောင်ရန် အစိုးရသို့ တိုက်တွန်းသည့် အဆိုနှင့် ပတ်သက်၍ ပြည်ကြီးတံခွန် မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်းက ပြစ်မှုများကို လက်ရှိထက် ပိုပြီး ထိရောက်စွာ တားဆီးနိုင်ရန် ရဲအင်အား တိုးချဲ့ရန် လိုအပ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ တစ်သိန်းတွင် ရဲအင်အား ၁၀၀ သာ ရှိကြောင်း၊ နိုင်ငံတကာ စံနှုန်းအရ လူဦးရေ တစ်သိန်းတွင် ရဲအင်အား ၃၀၀ ခန့် ရှိသင့်သည့်အတွက် များစွာ လျော့နည်းနေပြီး အမြန်ဆုံး ဖြည့်ဆည်း တိုးချဲ့ရန် လိုအပ်ကြောင်း တိုက်တွန်း ဆွေးနွေးသည်။မှုခင်း ကျဆင်းရေးသည် ရဲစခန်း၊ တရားရုံးသို့ အမှုအခင်းများ ရောက်ရှိလာခြင်း မရှိရုံဖြင့် မှုခင်းကျဆင်းသည်ဟု ဆို၍ မရကြောင်း ကြိုတင် ကာကွယ်နိုင်ခြင်းဖြင့် မှုခင်းများ ကျဆင်းရန် လိုကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြောကြားသည်။အစိုးရသစ်၏ လုပ်ငန်းစဉ်တွင် ပါဝင်သော တရားဥပဒေ စိုးမိုးရေး၊ ခိုင်မာသော နိုင်ငံ တည်ဆောက်ရေးတို့အတွက် အဟန့်အတား အနှောင့်အယှက် ဖြစ်နေသောကြောင့် မှုခင်းကျဆင်းရေးကို အမြန်ဆုံးဖော်ဆောင်ရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦး ဆွေးနွေးရန် ကျန်ရှိပြီး ဆက်လက် ဆွေးနွေးမည်ဖြစ်သည်။
မူးယစ်ဆေးဝါးများ အဆမတန် ပေါများနေခြင်းနှင့်အတူ လူသတ်မှု၊ သက်ငယ်မုဒိမ်းမှု၊ လူကုန်ကူးမှုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ တစ်နှစ်ထက်တစ်နှစ် များပြားလာမှုသည် တရားဥပဒေ စိုးမိုးရေး အားနည်းနေသည်ကို အချက်ပေးခေါင်းလောင်း ထိုးလိုက်ခြင်း ဖြစ်ကြောင်း . .