အရှုံးပေါ်နေသည့် နိုင်ငံပိုင် လုပ်ငန်းများနှင့် နိုင်ငံပိုင် စက်ရုံများအား ဆိုင်းငံ့ခြင်း၊ ရပ်ဆိုင်းခြင်း အပါအဝင် ပြောင်းလဲမှုများ ဆောင်ရွက်ရန် စိစစ်သုံးသပ်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ သုံးသပ်ပြီးမှသာ ဆက်လက်ဆောင်ရွက်သင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ အကြံပြုအရှုံးပေါ်နေသည့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများနှင့် နိုင်ငံပိုင် စက်ရုံများတွင် အများပြည်သူ အကျိုးစီးပွားအတွက် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေမှ စိုက်ထုတ်ကျခံ၍ မဖြစ်မနေ ဆက်လက်ဆောင်ရွက်ရန်မှ အပ ကျန်လုပ်ငန်းများနှင့် စက်ရုံများကို စိစစ်သုံးသပ်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီး ပြည်ပ အကြံပေးပုဂ္ဂိုလ်များ အပါအဝင် ပညာရှင်များ ငှားရမ်း၍ ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ ဆိုင်းငံ့ရန်၊ ရပ်ဆိုင်းခြင်းများကို စိစစ်သုံးသပ်ချက်များ အပေါ် အခြေခံ၍ အမြန် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက အကြံပြုထားသည်။၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သြဂုတ် ၁၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဥပဒေဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာ တင်သွင်းရာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။“ဒီလို မဆောင်ရွက်နိုင်ခင်မှာတော့ ဒီလို ရင်းနှီးမြှုပ်နှံမှု အရမ်းများတဲ့ နိုင်ငံတော်အတွက် အင်မတန်မှ ထိခိုက်မှု ကြီးမြင့်နိုင်တဲ့ စီမံကိန်းတွေကိုတော့ ဆိုင်းငံ့ထားသင့်ပါကြောင်း တင်ပြလိုပါတယ်” ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက အစီရင်ခံစာ ဖတ်ကြားစဉ် ပြောကြားသည်။ထို့ပြင် ကော်မတီ အစီရင်ခံစာတွင် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်ရန်၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ဖြေလျှော့သင့်သည်များကို ရဲရဲဝံ့ဝံ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန်၊ ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်စေရေးအတွက် ပို့ဆောင်စရိတ် အပါအဝင် အခြားစရိတ်များ လျော့နည်းသက်သာစေရေး ဦးစားပေး ဆောင်ရွက်ရန်၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ဘဏ်ချေးငွေ ရရှိစေရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊ ဝန်ကြီးဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် သက်ဆိုင်ရာ ဌာနအလိုက် စီမံခန့်ခွဲလျက်ရှိသော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း တစ်ခုနှင့် တစ်ခု ဆန့်ကျင်ခြင်း မရှိဘဲ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် စသည့် အကြံပြု သုံးသပ်ချက်များ ပါဝင်သည်။“အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ စက်မှုဝန်ကြီးဌာန ဖြစ်ပါတယ်။ စက်မှုဝန်ကြီးဌာနဟာ အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေ၊ စက်ရုံတွေ အများကြီး ရှိနေတဲ့ အမွေဆိုးများစွာကို ဆက်ခံထားရတဲ့ ဌာနတစ်ခု ဖြစ်ပါတယ်။ အဲဒီတော့ ဒီအရှုံးတွေ ဘယ်လို ကုစားမလဲ ဆိုတာကိုလည်း ဆောင်ရွက်ပေးဖို့ လိုပါတယ်။ စက်မှုဝန်ကြီးဌာနအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသန ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုံလောက်တဲ့ ဘဏ္ဍာရန်ပုံငွေ သုံးစွဲဆောင်ရွက်ခွင့်ပြုဖို့ လိုပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။ထို့အတူ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ အနေဖြင့် ဈေးကွက်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်စေရန်၊ စီမံခန့်ခွဲသူနှင့် ဝန်ထမ်းများ အနေဖြင့် ဈေးကွက်စီးပွားရေး စနစ်ကို စံချိန်မီ ကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်ပညာပေးရန် ကော်မတီ၏ အကြံပြုချက်တွင် ပါရှိသည်။ပြည်ထောင်စု လွှတ်တော်က ဥပဒေများ ပြဋ္ဌာန်းပေးပြီးနောက် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေ ပြင်ပမှ လုပ်ငန်းဆောင်ရွက်လျက်ရှိသော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး လုပ်ငန်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် လုပ်ငန်း၊ မြန်မာ့သင်္ဘောကျင်း လုပ်ငန်းနှင့် မြန်မာ့လေကြောင်း လုပ်ငန်းများသည် မိမိဘဏ္ဍာရန်ပုံငွေဖြင့် ရပ်တည်၍ ဈေးကွက်စီးပွားရေး စနစ်နှင့်အညီ ဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းများတွင် ငွေကြေးဆိုင်ရာ အခက်အခဲများ ပေါ်ပေါက်ပါက ၎င်းတို့၏ အစီအစဉ်ဖြင့်သာ ကိုင်တွယ်ဖြေရှင်း သင့်ပါသဖြင့် နိုင်ငံတော် ဘဏ္ဍာငွေမှ သုံးစွဲ၍ ဖြေရှင်းခြင်းများကို ပြုလုပ်ရန် မသင့်ကြောင်း သုံးသပ်ရရှိကြောင်း ကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။“အထူးအားဖြင့်တော့ သီးသန့်ရန်ပုံငွေမှ ကျခံဆောင်ရွက်မယ်ဆိုရင် ဒါဆေးမြီးတိုနဲ့ ကုတာသာ ဖြစ်ပါမယ်။ တကယ့် ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ဒါလေးနဲ့ ဆက်စပ်ပြီးတော့ တင်ပြရရင် ဒီအဖွဲ့အစည်း လုပ်ငန်းလေးရပ်ဟာ ဘဏ္ဍာရန်ပုံငွေ ပြင်ပကနေ ဆောင်ရွက်ပါ့မယ် ဆိုပြီးတော့ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ သီးခြားဥပဒေတွေ ပြဋ္ဌာန်းပြီးတော့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ ဘဏ္ဍာရန်ပုံငွေ ပြင်ပကနေ ဆောင်ရွက်နိုင်စွမ်း မရှိဘူး။ နောက်ဒီထဲမှာ အချို့အချို့သော အဖွဲ့အစည်းများဟာ ဥပမာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဆို အများပြည်သူ သယ်ယူပို့ဆောင်ရေး ဖြစ်ပါတယ်။ ဒါကို ပြည်ထောင်စုရဲ့ ဘဏ္ဍာရန်ပုံငွေထဲကပဲ ပြန်လည် ဆောင်ရွက်လိုတယ် ဆိုရင် ဒီလို ရေတိုနည်းလမ်းနဲ့ ဆောင်ရွက်လို့ မရပါဘူး။ ဥပဒေကို ပြန်လည်ပြင်ဆင်ပြီးမှ ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ဥပဒေပြင်ဆင်ဖို့ ဒါမှမဟုတ်ရင်လည်း ဥပဒေ ရုပ်သိမ်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေနှင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီခြင်း မရှိသော ငွေစာရင်းဖွင့်၍ ရန်ပုံငွေများ ထားရှိသုံးစွဲနေသည့် ဌာနများ ရှိသဖြင့် ဥပဒေကြောင်းအရ ဥပဒေနှင့် မညီညွတ်သည့်အတွက် အဆိုပါ စာရင်းဖွင့်လှစ်ထားရှိ သုံးစွဲနေခြင်းကို စိစစ်တွေ့ရှိပါက အရေးယူ ဆောင်ရွက်သွားရန် လိုကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ပါရှိသည်။
အရှုံးပေါ်နေသည့် နိုင်ငံပိုင် လုပ်ငန်းများနှင့် နိုင်ငံပိုင် စက်ရုံများအား ဆိုင်းငံ့ခြင်း၊ ရပ်ဆိုင်းခြင်း အပါအဝင် ပြောင်းလဲမှုများ ဆောင်ရွက်ရန် စိစစ်သုံးသပ်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ သုံးသပ်ပြီးမှသာ ဆက်လက်ဆောင်ရွက်သင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ