၂၁ ရာစု ပင်လုံညီလာခံတွင် မိုင်ဂျာယန် အစည်းအဝေး တက်ရောက်လာကြသည့် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်အားလုံးနှင့် တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံ ကိုယ်စားလှယ် ပြောကြား

၂၁ ရာစု ပင်လုံညီလာခံတွင် မိုင်ဂျာယန် အစည်းအဝေး တက်ရောက်လာကြသည့် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်အားလုံးနှင့် တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံ ကိုယ်စားလှယ် ပြောကြား
Published 30 July 2016
အောင်ဇော်ထွန်း

၂၁ ရာစု ပင်လုံညီလာခံတွင် မိုင်ဂျာယန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေး တက်ရောက်လာကြသည့် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်အားလုံးနှင့် တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်က ဇူလိုင် ၂၉ ရက်တွင် ပြောကြားသည်။ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ဇူလိုင် ၂၉ ရက်က ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေး စတုတ္ထနေ့  အစည်းအဝေး အဖွင့်တွင် နှုတ်ဆက်စကား ပြောကြားရာ၌ မျက်နှာစုံညီ အစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည့် မစ္စတာဆွန်းကော်ရှန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။မစ္စတာ ဆွန်းကော်ရှန်က “ဒီအစည်းအဝေးမှာ  အကောင်းဆုံးရလဒ်ကို ရရှိဖို့ ကျွန်တော်တို့ နှစ်နှစ်ကာကာ ဆုတောင်းပါတယ်။ ဒီအစည်းအဝေးမှာ အဘက်ဘက်က သဘောတူညီချက် ရရှိပြီး အဘက်ဘက်က ဝိုင်းဝန်းပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ လာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာလည်း ကျွန်တော်က အခုကြွရောက်လာကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်အားလုံးနဲ့ တွေ့ဆုံနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဘာသာပြန်မှတစ်ဆင့် ပြောကြားသည်။တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ အနေဖြင့် အစည်းအဝေးတွင် တက်တက်ကြွကြွဆွေးနွေးခြင်းကို ချီးကျူးပါကြောင်း၊ တရုတ်စကားပုံအရ လမ်းလျှောက်သူများပါက လမ်းပေါက်သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ်ခြောက်ဆယ်အတွင်း မြန်မာနိုင်ငံ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ခြင်းကြောင့် လက်ရှိတွင် အဘက်ဘက်က ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် နည်းလမ်းကို ရှာဖွေနေဆဲဖြစ်သည်ဟု ထင်ပါကြောင်း မစ္စတာဆွန်းကော်ရှန်က ဆိုသည်။၎င်းက “ဒီငြိမ်းချမ်းရေးရရှိဖို့ နည်းလမ်းကို ရှာဖွေတဲ့အခါမှာ အခက်အခဲမျိုးစုံ ကြုံ တွေ့နိုင်ပါတယ်လို့ ယူဆပါတယ်။ ဒီပန်းတိုင်ဆိုရင် မြန်မာနိုင်ငံ ပြည်တွင်းမှာ ငြိမ်းချမ်းရေးရရှိဖို့ ဖြစ်ပါတယ်။ အဲဒါကလည်း မြန်မာနိုင်ငံ အကြီးဆုံး အကျိုးရလဒ်နဲ့ ကိုက်ညီပါတယ်။ နောက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးရဲ့ အကျိုးရလဒ်နဲ့ ကိုက်ညီပါတယ်လို့ ယူဆပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ရရှိတဲ့အခါမှာ အခက်အခဲ ဘယ်လိုပဲရှိရှိ ဒီလမ်းကို ဆက်လက်သွားရမယ် ဖြစ်ပါတယ်လို့ ထင်ပါတယ်။ အကောင်းဆုံး အကျိုးရဖို့ဆိုရင် တချို့က ကြိုးစားဖို့ လိုပါတယ်။ တချို့က လိုက်လျောပေးဖို့ လိုပါတယ်။ အခု အစည်းအဝေးကြွရောက်လာကြတဲ့ အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်ကိုယ်စားလှယ်များကဆိုရင် အတွေ့အကြုံအများကြီး ရှိပါတယ်လို့ ကျွန်တော်ယုံကြည်ယူဆပါတယ်။ အဲဒါကြောင့် နိုင်ငံတော် အကျိုးရလဒ်နဲ့ မိမိအဖွဲ့အစည်း အကျိုးရလဒ်အတွက် ကြိုးပမ်းဆောင်ရွက်ဖို့ လိုပါတယ်လို့ ယူဆပါတယ်” ဟု ပြောကြားသည်။တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး ထောက်ခံသည့် အင်အားစုအားလုံးကို ထောက်ခံသည့် သဘောထား ပြတ်ပြတ်သားသား ရှိသည်ဟု ၎င်းကဆိုသည်။“မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့  ထောက်ခံတဲ့သူ အားလုံးကို ထောက်ခံပါတယ်။ အားပေးပါတယ်။ အဲဒါကြောင့် တိုင်းရင်းသား အဖွဲ့အစည်းအားလုံးက ပါဝင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက် အဘက်ဘက်က မတူညီတဲ့ ထင်မြင်ချက်ရှိပါတယ်။ ဒါ သဘာဝကျပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ဆိုရင် နိုင်ငံတော်အတွက် အရေးကြီးဆုံး အကျိုးရလဒ်ဖြစ်ပါတယ်။ အရေးကြီးဆုံးကိစ္စ ဖြစ်ပါတယ်။ အဲဒါကြောင့် အဘက်ဘက်က ဝိုင်းဝန်းပြီးတော့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟုလည်း မစ္စတာဆွန်းကော်ရှန်က သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။နှစ်ခြောက်ဆယ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ် ပြဿနာ ပြေလည်မှုရရှိရေးအတွက် ယခင်အစိုးရလက်ထက်က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆောင်ရွက်နိုင်ရန် ကြိုးစားခဲ့ကြသည်။ ၂၀၁၅ ခုနှစ်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုညှိနှိုင်းသဘောတူခဲ့ကြသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုးရေးကိစ္စ မပြေလည်သည့်အတွက် NCA တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့သာ ပါဝင်လက်မှတ် ရေးထိုးခဲ့ကြသည်။မြန်မာ-တရုတ် နယ်စပ်နှင့် ဆက်စပ်နယ်မြေများတွင် “ဝ” လက်နက်ကိုင်အဖွဲ့ UWSP/UWSA၊ မိုင်းလားလက်နက်ကိုင်အဖွဲ့ NDAA၊ ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်းလက်နက်ကိုင်အဖွဲ့ PSLF/TNLA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA စသည့် အဖွဲ့အစည်းများ အခြေပြု နေထိုင်လှုပ်ရှားလျက်ရှိရာ ယင်းအဖွဲ့များသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလက ကျင်းပခဲ့သည့် NCA တွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်လက်မှတ် ရေးထိုးနိုင်ခြင်း မရှိခဲ့ပေ။လက်ရှိအစိုးရသစ် အနေဖြင့် နိုင်ငံရေး ပြဿနာများ ပြေလည်မှု ရရှိရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးများ လုပ်ဆောင်နိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ လုပ်ကိုင်နေရာ ယခုနှစ် သြဂုတ်လတွင် ၂၁ ရာစု ပင်လုံညီလာခံကို စတင်ကျင်းပ၍ ပြဿနာများ ဖြေရှင်းနိုင်ရေး ကြိုးစားလျက်ရှိသည်။ အဆိုပါ ၂၁ ရာစု ပင်လုံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး တက်ရောက်နိုင်ရေး အစိုးရအနေဖြင့် အဖွဲ့အစည်း အသီးသီးနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်။

Most Read

Most Recent