ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ခွင့်ပြုဝန်ထမ်း အရေအတွက်မှာ ၅၈၀၀၀ ကျော် ရှိသည့်အနက် ရာခိုင်နှုန်း ၄၀ သာ ခန့်ထားနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး လွှတ်တော်၌ ရှင်းလင်း

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ခွင့်ပြုဝန်ထမ်း အရေအတွက်မှာ ၅၈၀၀၀ ကျော် ရှိသည့်အနက် ရာခိုင်နှုန်း ၄၀ သာ ခန့်ထားနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး လွှတ်တော်၌ ရှင်းလင်း
Published 28 July 2016
ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ခွင့်ပြုဝန်ထမ်း အရေအတွက်မှာ ၅၈၅၅၄ ဦးအနက် ရာခိုင်နှုန်း ၄၀ သာ ခန့်ထားနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ့လွှတ်တော်၌ ရှင်းလင်းပြောကြားသည်။
 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နေပြည်တော်တွင် ဇူလိုင် ၂၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ် တင်သွင်းထားသည့်အဆိုနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
 
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်က ပထမပုံမှန်အစည်းအဝေးကာလ၌ “ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပြည်သူလူထုအား ထိရောက်လုံလောက်စွာ ပေးနိုင်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို တိုးချဲ့ပြင်ဆင် ဖွဲ့စည်းသင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းထားပြီး အဆိုနှင့်ပတ်သက်၍ ကိုယ်စားလှယ် ၁၂ ဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။
 
“ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ခွင့်ပြုသော ဝန်ထမ်းအရေအတွက် ၅၈၅၅၄ ဦးအနက် ရာခိုင်နှုန်း ၄၀ သာ ခန့်ထားနိုင်ပါတယ်။ ဝန်ထမ်းများ ခန့်ရန်ကိုလည်း အားဖြည့် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်”ဟု ဒေါက်တာမြင့်ထွေးက ရှင်းလင်းပြောကြားသည်။
 
ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု ကောင်းမွန်ပီပြင် ထိရောက်မှသာ နိုင်ငံသားများ၏ ကျန်းမာရေးအခြေအနေ တိုးတက်ပြီး ဆေးရုံ၊ ဆေးပေးခန်းများသို့ လာရောက်သောလူနာ နည်းမည်ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ပြည်သူ့ကျန်းမာရေး၏ အဓိကလုပ်ငန်းများ လုပ်ကိုင်ရန် ပြည်သူ့ကျန်းမာရေးပညာရှင်နှင့် အထောက်အကူပြု အခြေခံကျန်းမာရေးဝန်ထမ်းများ လုံလောက်စွာရှိရန် လိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
 
လာမည့်နှစ်လအတွင်း ဆရာဝန် နှစ်ထောင်ခန့် အသစ်ခန့်အပ် တာဝန်ပေးရန်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ့လွှတ်တော်၌ ရှင်းလင်းပြောကြားထားသည်။
 
“ပြည်သူ့ကျန်းမာရေး အဓိကလုပ်ငန်းများဖြစ်သော ကာကွယ်ဆေးထိုးလုပ်ငန်း၊ ကျောင်းကျန်းမာရေးမြှင့်တင်မှုလုပ်ငန်း၊ ကျန်းမာရေးပညာပေးလုပ်ငန်း၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးပြည့်မီ ထိရောက်သော ဝန်ဆောင်မှုများ၊ ကူးစက်ရောဂါနှင့် နာတာရှည် မကူးစက်ရောဂါ နှိမ်နင်းရေးလုပ်ငန်းနှင့် အခြားပြည်သူ့ကျန်းမာရေး မဟာဗျူဟာ၊ နည်းဗျူဟာတို့ကို ပီပြင်ထိရောက်အောင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ကို တိုးချဲ့ပြင်ဆင် ဖွဲ့စည်းလုပ်ကိုင်နေပါသည်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဆိုနှင့်ပတ်သက်၍ ပြောကြားသည်။
 
 

Most Read

Most Recent