စစ်ပွဲများ၏ မြေစာပင်များဖြစ်သော ဒုက္ခသည်များ၏ လုံခြုံရေးနှင့် တရားမျှတမှုရှိရေး၊ ပြန်လည်နေရာချထားရေး အစီအစဉ်များကို နိုင်ငံရေး ဆွေးနွေးပွဲများတွင် ထည့်သွင်းစဉ်းစားပေးရန် မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးတွင် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အကြံ

စစ်ပွဲများ၏ မြေစာပင်များဖြစ်သော ဒုက္ခသည်များ၏ လုံခြုံရေးနှင့် တရားမျှတမှုရှိရေး၊ ပြန်လည်နေရာချထားရေး အစီအစဉ်များကို နိုင်ငံရေး ဆွေးနွေးပွဲများတွင် ထည့်သွင်းစဉ်းစားပေးရန် မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးတွင် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အကြံ
Published 27 July 2016
အောင်ဇော်ထွန်း

စစ်ပွဲများကြောင့် မြေစာပင်များ ဖြစ်နေရသော အမျိုးသမီးများ၊ ဒုက္ခသည်များ၏ လုံခြုံရေးနှင့် တရားမျှတမှုရှိရေး၊ ပြန်လည်နေရာချထားရေး အစီအစဉ်များကို နိုင်ငံရေး ဆွေးနွေးပွဲများတွင် ထည့်သွင်းစဉ်းစားပေးရန် မိုင်ဂျာယန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးတွင် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အကြံပြုခဲ့သည်။ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ဇူလိုင် ၂၆ ရက်မှ စတင် ကျင်းပနေသည့် အဆိုပါ မျက်နှာစုံညီ အစည်းအဝေးသို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ကိုယ်စားလှယ်များ တက်ရောက်လျက်ရှိသည်။ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ဒုက္ခသည်များ တိုးလာကြောင်း၊ သို့ရာတွင် ဒုက္ခသည်များ အနေဖြင့် နိုင်ငံတကာ၏ အကူအညီရရှိမှု လျော့ကျလာကြောင်း၊ နိုင်ငံတကာ အနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဖြစ်စဉ် စတင်နေပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးသည် ဆိုသည့် အပေါ်ယံကိုသာ သိရှိထားကြောင်း၊ ထို့ကြောင့် ဒုက္ခသည်များ အနေဖြင့် အကူအညီ ရရှိမှု လျော့ကျလာ၍ မိသားစု စားဝတ်နေရေး ဖူလုံမှု မရှိဘဲ အခက်အခဲများဖြင့် ရင်ဆိုင်နေကြရသည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေ အတွင်းရေးမှူး ဒေါ်ဂျူလီယာက ပြောကြားသည်။ဒေါ်ဂျူလီယာက “ဖူလုံမှု မရှိတော့ နောက်ဆက်တွဲ ဆိုးကျိုးတွေက နီးစပ်တဲ့ တရုတ်နိုင်ငံဘက်ကို ဝင်ပြီးမှ မိသားစု ထောက်ပံ့နိုင်ဖို့ ပိုက်ဆံတွေ ရှာလာရတော့ နောက်ဆုံးကျတော့ လူကုန်ကူးမှုတွေ ခံနေရတဲ့ အနေအထားတွေ ရှိတယ်။ အခု ဒီအစည်းအဝေးမှာ ကျွန်မတို့ WLB (အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)) အနေနဲ့ တစ်ဖက်မှာက ငြိမ်းချမ်းရေး ဆွေးနွေးနေပြီ။ လက်နက်ကိုင်တွေနဲ့ အစိုးရအကြားမှာ ဆွေးနွေးနေပြီ။ ဒါပေမဲ့ ဒုက္ခသည်တွေကို သူတို့ရဲ့ဆန္ဒ မပါဘဲ အတင်းအဓမ္မ ပြန်ပို့ဖို့ မဖြစ်နိုင်ဘူး။ ပြန်ပို့မယ်ဆိုရင်တောင် လုပ်ဆောင်ထားရမယ့် အရာတွေ အများကြီး။ မြေမြှုပ်မိုင်းတွေ ရှင်းထားရမယ်။ သူတို့ရဲ့ စားဝတ်နေရေးအတွက် ကြိုတင် စီစဉ်ထားတဲ့ အရာတွေ အများကြီး ရှိရမယ်” ဟု ပြောကြားသည်။လူသားချင်း စာနာထောက်ထားသည့် အကူအညီ အထောက်အပံ့များ ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အခြေအနေများကို နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးရန် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က မိုင်ဂျာယန် အစည်းအဝေးတွင် အကြံပြု တင်ပြခဲ့သည်။ပဋိပက္ခများ ဖြစ်ပွားတိုင်း အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် အရပ်သားများအား အဓိက ပစ်မှတ်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေသည်ဟု ရှုမြင်ကြောင်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က မိုင်ဂျာယန် အစည်းအဝေးသို့ တင်ပြ ဆွေးနွေးခဲ့သည်။အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံနှင့် တစ်ပြိုင်နက်တည်း ကျင်းပမည့် အရပ်ဘက် အဖွဲ့အစည်း ဖိုရမ်သို့ ပါဝင်ရန် မူချမှတ်ထားကြောင်း၊ ထို့ပြင် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ အဖွဲ့ဝင် အဖွဲ့အစည်းများ အနေဖြင့်လည်း ဒေသဆိုင်ရာအဆင့် ဆွေးနွေးပွဲများတွင် ပါဝင်သွားမည် ဖြစ်သည်ဟု ဒေါ်ဂျူလီယာက ဆိုသည်။အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)သည် ထိုင်းနိုင်ငံချင်းမိုင် အခြေစိုက် အဖွဲ့အစည်းဖြစ်ပြီး ကချင်၊ ကရင်၊ ရှမ်းနှင့် ကယားပြည်နယ် စသည့် တိုင်းရင်းသားဒေသများတွင်အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အဖွဲ့ဝင် အဖွဲ့အစည်း ၁၃ ဖွဲ့ရှိကြောင်း ဒေါ်ဂျူလီယာ၏ ပြောပြချက်အရ သိရသည်။

Most Read

Most Recent