အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ ပထမဆုံး တက်ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ ပထမဆုံး တက်ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
ဇူလိုင် ၂၇ ရက်ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (Photo: Ministry of Foreign Affairs Myanmar Facebook)
ဇူလိုင် ၂၇ ရက်ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (Photo: Ministry of Foreign Affairs Myanmar Facebook)
Published 27 July 2016
နေထွန်းနိုင်၊ နေသီဟ

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ပြုလုပ်ခဲ့သော (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပထမဆုံး တက်ရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၂၇ ရက် ည ၇ နာရီ ၁၀ မိနစ်က မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး တက်ရောက်ခဲ့သော (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ အသိုက်အမြုံ စီမံကိန်း ၂၀၂၅ အား အောင်မြင်စွာ ဖော်ဆောင်နိုင်ရေး၊ အာဆီယံ အသိုက်အမြုံဆိုင်ရာ စီမံချက် ၂၀၂၅ သုံးခုကို ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အကောင်အထည် ဖော်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ထို့အတူ အရှေ့တောင်အာရှနှင့် ပူးပေါင်းရေးစာချုပ် (Treaty of Amity and Cooperation with Asean-TAC) ကို ရေးထိုးရန် အဆိုပြုထားသည့် နိုင်ငံများဖြစ်သော ချီလီ၊ အီဂျစ်၊ အီရန်၊ မော်ရိုကိုတို့အား ခွင့်ပြုပေးခဲ့ပြီး TAC ၏ နှစ် (၄၀) ပြည့် အထိမ်းအမှတ်အပေါ် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ ထုတ်ပြန်ချက်အကြောင်း စသဖြင့် ဆွေးနွေးခဲ့ပြီး တောင်တရုတ်ပင်လယ်အရေး၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေး ထိန်းသိမ်းရန် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ ပူးတွဲကြေညာချက်ကိုလည်း ထုတ်ပြန်နိုင်ခဲ့သည်။အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ အစည်းအဝေး၊ အရှေ့အာရှ အစည်းအဝေး၊ အာဆီယံ ဒေသတွင်း ဖိုရမ်၊ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးတို့မှ တစ်ဆင့် ဆက်ဆံရေး တိုးမြှင့်မှုများကို လုပ်ဆောင်ခဲ့ကြပြီး (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ပူးတွဲကြေညာချက်ကို ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများသည် သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဥရောပ သမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ကိုရီးယား သမ္မတနိုင်ငံ၊ ရုရှား၊ အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခြားရေး ဝန်ကြီးများနှင့်လည်း တွေ့ဆုံခဲ့ကာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ပြည်သူချင်းဆက်ဆံရေး၊ ဆက်သွယ်ရေးတို့ အကြောင်း ဆွေးနွေးခဲ့သည်။အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား သမ္မတ နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ အာဆီယံ+၃ ကိုလည်း ကျင်းပခဲ့ပြီး (၁၉) ကြိမ်မြောက် အရှေ့အာရှ အစည်းအဝေးပွဲတွင် အတည်ပြုမည့် လာအိုက တင်ပြခဲ့သော တည်တံ့သော ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် ထုတ်ပြန်ချက်မူကြမ်းအား စက်တင်ဘာတွင် ပြုလုပ်မည့် အစည်းအဝေးပွဲ၌ အတည်ပြုရန် သဘောတူခဲ့သည်ဟု သိရသည်။(၁၇) ကြိမ်မြောက် အရှေ့အာရှ အစည်းအဝေး၌ အရှေ့အာရှ အစည်းအဝေးအား ခေါင်းဆောင်များ ကြီးကြပ်မှုဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးအား ဖော်ဆောင်နိုင်သည့် စကားဝိုင်း ဖြစ်စေရန် ရပ်တည်ချက်ကို ပြန်လည် အတည်ပြုခဲ့သည်။ အရှေ့အာရှ အစည်းအဝေးပွဲ၏ ဦးစားပေးလုပ်ငန်း ခြောက်ခုဖြစ်သော ဘဏ္ဍာရေး၊ ပညာရေး၊ သဘာ၀ ပတ်ဝန်းကျင်နှင့် စွမ်းအင်၊ ကမ္ဘာ့ကျန်းမာရေးနှင့် ကူးစက်ရောဂါများ၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးနှင့် အာဆီယံနိုင်ငံများကြား ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။ ဗီယန်ကျင်းတွင် စက်တင်ဘာ၌ ကျင်းပမည့် (၁၁) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး၌ လာအိုနိုင်ငံက တင်သွင်းသော အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဆိုင်ရာ ဗီယန်ကျင်း ကြေညာချက် မူကြမ်းကို အတည်ပြုရန် သဘောတူခဲ့ပြီး အဆိုပါ မူကြမ်းသည် ဒေသတွင်းနိုင်ငံများ အကြား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကို ဖော်ဆောင်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး တိုးမြှင့်စေရန် ရည်ရွယ်သည်။(၂၃) ကြိမ်မြောက် အာဆီယံဒေသတွင်း ဖိုရမ် (ARF) အစည်းအဝေးတွင် ၂၀၁၆-၂၀၁၇ ကြားကာလအတွက် အစီအစဉ် ၂၃ ခုကို အတည်ပြုခဲ့သည်။နယ်မြေဖြတ်ကျော် ဒုစရိုက် သမားများအား ပူးပေါင်းနှိမ်နင်းရေးအတွက် ARF ကြေညာချက်၊ ရေကြောင်း ဥပဒေကို အားဖြည့်ရေးအတွက် ARF ဝန်ကြီးများ ကြေညာချက်၊ မကြာခင်က ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများအပေါ် ARF ဝန်ကြီးများ ကြေညာချက်တို့ကို အတည်ပြုခဲ့သည်။အစည်းအဝေး ပြီးဆုံးခါနီးတွင် လာအိုနိုင်ငံသည် ဒေသတွင်း ယုံကြည်မှုနှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် ရည်ရွယ်သော ၂၀၁၆ ခုနှစ်အတွက် နှစ်စဉ် ARF လုံခြုံရေး အစီအမံကို မိတ်ဆက်ပေးခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံး တက်ရောက်ခဲ့သော အာဆီယံ အစည်းအဝေးအပေါ် ကျေနပ်အားရမှု ရှိကြောင်းနှင့် ပထမဆုံး ဖြစ်သည့်အတွက် လေ့လာ သင်ယူခဲ့ရမှုများ ရှိကြောင်း ဇူလိုင် ၂၆ ရက်က ပြောကြားသည်။  (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ဇူလိုင် ၁၉ ရက်မှ ၂၆ ရက်အထိ လာအိုနိုင်ငံ ဗီယန်ကျင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၂၂ ရက် ညပိုင်းက လာအိုနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent