မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီအစည်းအဝေး ပထမနေ့တွင် ပင်လုံလက်စွဲစာတမ်း စနစ်တကျပြုစုနိုင်ရေး ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ အပေါင်းလက္ခဏာဆောင်သည့်ဘက်က ရှေ့ရှုမည်ဟု အစည်းအဝေးကျင်းပရေးကော်မတီ ရှင်းလင်းပြောကြားခဲ့သည်။
ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ဇူလိုင် ၂၆ ရက်မှ စတင်၍ လေးရက်ကြာကျင်းပမည့် အစည်းအဝေးကို ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် အကြိုညှိနှိုင်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဘုံသဘောထား ရပ်တည်ချက် ရယူရေးအတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးက သတင်းထုတ်ပြန်ခဲ့သည်။။
အစည်းအဝေးတွင် ပင်လုံလက်စွဲစာတမ်း ဆွေးနွေးအတည်ပြုခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေများအတွက် အခြေခံမူများ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူများ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်ပြင်ဆင်ရေး စသည်တို့ကို ဆွေးနွေးမည်ဖြစ်သည်။
ပထမနေ့ အပြီးတွင် အစည်းအဝေးကျင်းပရေး ကော်မတီက သတင်းစာရှင်းလင်းခဲ့ရာ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ခူဦးရယ်က “ပထမနေ့ မှာ တော့ ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင် အကြိုညှိနှိုင်းဆွေးနွေးဖို့ လိုတာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားထဲမှာ ဘုံသဘောထား ရပ်တည်ချက်ကို စုစည်းဖို့ဆိုတဲ့သဘောနဲ့ ပင်လုံဆိုတဲ့ ၄၇ တုန်းက ပြုလုပ်ခဲ့တဲ့ ကတိကဝတ်တွေ စာချုပ်တွေ စိတ်ဓာတ်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးကြတာပေါ့။ ရှင်းရှင်းပြောရရင် အဲဒီတုန်းက လုပ်ခဲ့တဲ့ ကတိကဝတ် စာချုပ်စာတမ်းတွေကို မှီပြီးတော့ ၂၁ ရာစု ပင်လုံညီလာခံမှာ အသုံးပြုဖို့ဆိုတဲ့ဟာမျိုး မဟုတ်ပါဘူး။ ဒါက ကြားထဲမှာ အမြင်သဘောထား တူညီတာတွေရှိသလို မတူညီတာတွေ ရှိကောင်းရှိမယ်။ ဘာကြောင့်လည်းဆိုရင် ၄၇ တုန်းက ပြုလုပ်ခဲ့တဲ့ ပင်လုံရဲ့ကတိက ဝတ်တွေ သဘောတူညီချက်တွေဟာ ခုနေခါမှာ သဟဇာတမဖြစ်တော့တဲ့ အနေအထားတွေ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေအောက်မှာ တိုင်းပြည်ရဲ့ ပြောင်းလဲလာတဲ့ လူမှုဘဝအခြေအနေအောက်မှာ အခြေအနေ တစ်စုံတရာ ပြောင်းလဲသွားတာကို သတိပြုရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
မိုင်ဂျာယန် တိုင်းရင်းသားမျက်နှာစုံညီ အစည်းအဝေး ပထမနေ့တွင် ပင်လုံလက်စွဲစာတမ်း ပြုစုနိုင်ရေး ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ အပေါင်းလက္ခဏာဆောင်သည့်ဘက်က ရှေးရှုမည်ဟု ရှင်းလင်း