ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ၊ သင်တန်း၊ လေ့လာရေးများ တက်ရောက်ရန် ဖိတ်ကြားပါက လွှတ်တော်ဥက္ကဋ္ဌထံ မပျက်မကွက် တင်ပြအတည်ပြုချက် ရယူရန် ကိုယ်စားလှယ်များအား ပြည်သူ့လွှတ်တော်ရုံး ထုတ်ပြန်

ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ၊ သင်တန်း၊ လေ့လာရေးများ တက်ရောက်ရန် ဖိတ်ကြားပါက လွှတ်တော်ဥက္ကဋ္ဌထံ မပျက်မကွက် တင်ပြအတည်ပြုချက် ရယူရန် ကိုယ်စားလှယ်များအား ပြည်သူ့လွှတ်တော်ရုံး ထုတ်ပြန်
Published 26 July 2016
ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

INGOs၊ NGOs နှင့် CSOs စသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ တက်ရောက်ရန် ဖိတ်ကြားပါက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ မပျက်မကွက် တင်ပြအတည်ပြုချက် ရယူရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ ဇူလိုင် ၂၂ ရက်က ပြည်သူ့လွှတ်တော်ရုံးမှ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
ပြည်သူ့လွှတ်တော်ရုံးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ ပေးပို့ထားသည့် စာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် INGOs၊ NGOs နှင့် CSOs စသည့် ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများက အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ၊ လေ့လာရေးများ တက်ရောက်ရန် ဖိတ်ကြားလာပါက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ မပျက်မကွက် တင်ပြ၍ အတည်ပြုချက် ရယူရန်ဟူ၍ ပါရှိသည်။
ဆက်လက်ပြီး အဆိုပါစာတွင် ထို့သို့တက်ရောက်ရန် ဖိတ်ကြားခံရသည့် ကိုယ်စားလှယ်များ၊ ကော်မတီများ အနေဖြင့်လည်း မိမိတို့ထံ တစ်ဦးချင်းဖြစ်စေ၊ ကော်မတီခေါင်းစဉ်ဖြင့်ဖြစ်စေ ဖိတ်ကြားလာပါက ဖိတ်ကြားသည့် အဖွဲ့အစည်းများအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ လိပ်မူပြီး ဖိတ်ကြားစေလိုကြောင်း ပြန်လည်ပြောကြား ပေးပါရန် ပန်ကြားထားသည်။
ထို့အပြင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများသို့ တက်ရောက်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်ရေးအရာရှိများသည် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ အတွင်းသို့ ဝင်၊ ထွက်ခြင်း မပြုကြရန်လည်း အဆိုပါ ပန်ကြားချက်တွင် ပါရှိသည်။
“လွတ်လပ်ခွင့်ကို ထိခိုက်နိုင်လားဆိုတော့ ငါတို့လွှတ်တော် ကိုယ်စားလှယ်တွေက ကိုယ့် Right နဲ့ကိုယ် ကိုယ့်အခွင့်အရေးကိုယ် ယူချင်တာပေါ့။ ဒါပေမဲ့ လွှတ်တော်ဥက္ကဋ္ဌက ဒီလိုပန်ကြား ထားတယ်ဆိုတော့ အဲဒီအပေါ်မှာတော့ နည်းနည်း ကသိကအောက်ဖြစ်တယ် ပေါ့နော်။ ဒါပေမဲ့ သွားမယ်ဆိုရင်လည်း သူတို့ဥပဒေအရ တားဖို့က ခက်ပါတယ်။ သူကပန်ကြားထားတယ် ဆိုတော့ အသိအမှတ် ပြုရမှာပေါ့။ အဓိကတော့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အခွင့်အရေး ဆုံးရှုံးတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း အဲဒီလို သင်တန်းမျိုးတွေ လိုတယ်လေ။ သူတို့အနေနဲ့ နည်းနည်းချုပ်ချယ်တဲ့ သဘောမျိုးဖြစ်တော့ တို့ကလည်း အဲဒါတွေ ခေါင်းစားခံပြီးတော့ လုပ်မနေတော့ဘူးပေါ့” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။
အဆိုပါ ပန်ကြားချက်နှင့် ပတ်သက်၍လည်း လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “အရင်လွှတ်တော်တုန်းက အဲဒါမျိုးတွေ မရှိဘူး” ဟု ဆက်လက် ပြောကြားသည်။