ဝန်ကြီးဌာနအသစ် နှစ်ခုအတွက် အသုံးစရိတ် အပါအဝင် ကျပ်သုံးဘီလျံ တိုးလာခြင်းမှလွဲ၍ ကြီးမားစွာ ပြောင်းလဲထားခြင်း မရှိသော ၂၀၁၆ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း

ဝန်ကြီးဌာနအသစ် နှစ်ခုအတွက် အသုံးစရိတ် အပါအဝင် ကျပ်သုံးဘီလျံ တိုးလာခြင်းမှလွဲ၍ ကြီးမားစွာ ပြောင်းလဲထားခြင်း မရှိသော ၂၀၁၆ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း
Published 25 July 2016
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

ဝန်ကြီးဌာနအသစ် နှစ်ခုအတွက် အသုံးစရိတ် အပါအဝင် သုံးငွေ ကျပ်သုံးဘီလျံ တိုးလာခြင်းမှလွဲ၍ ကြီးမားစွာ ပြောင်းလဲထားခြင်း မရှိသော ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း (ပြင်ဆင်ချက်)၊ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ဇူလိုင် ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။
အဆိုပါ ဥပဒေကြမ်းအား ပြည်ထောင် စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြည်ထောင်စု၏ အရအသုံးခန့် မှန်းခြေငွေစာရင်းအား ပြင်ဆင်ရေးဆွဲရာတွင် မူလအတိုင်းထားရှိသော ဝန်ကြီးဌာနများတွင် လျော့နည်းသွားမည့် ဒုတိယဝန်ကြီးများ၏ လစာ၊ စရိတ်၊ ချီးမြှင့်ငွေများကို လျှော့ ချ၍ ပြင်ဆင်ရေးဆွဲခြင်း၊ ဝန်ကြီးဌာနတစ်ခု တည်းအဖြစ် ပေါင်းစပ်ဖွဲ့စည်းလိုက်သည့် ဝန်ကြီးဌာနများတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၏ လစာ၊ စရိတ်၊ ချီးမြှင့် ငွေ၊ အဆောင်အယောင်စရိတ်များကို ဦးစွာ လျှော့ချရေးဆွဲပြီး ပြည်ထောင်စုဝန်ကြီးရုံး များ၏ သာမန်အသုံးစရိတ်၏ နှစ်ရာခိုင်နှုန်း ကိုလျှော့ချရေးဆွဲခြင်း၊ လျှော့ချလိုက်သော ဝန်ကြီးဌာနမှ ဦးစီးဌာနများ၊ လုပ်ငန်းအဖွဲ့ အစည်းများအား ပေါင်းစည်းလိုက်သည့် သက် ဆိုင်ရာဝန်ကြီးဌာန အောက်တွင် ၎င်းဌာနများအမည်ဖြင့် ပြောင်းလဲရေးဆွဲခြင်း၊ အသစ်ဖွဲ့စည်းသော တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးဝန်ကြီးဌာနတို့တွင် ဖွဲ့စည်းပုံနှင့်အညီ အသုံးစရိတ်များကို သတ်မှတ်ထားသည့် ငွေစာရင်း ခေါင်းစဉ်များအလိုက် ရေးဆွဲခြင်းတို့ ဆောင်ရွက်ထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
ထို့အတူ ငွေလုံးငွေရင်း အသုံးစရိတ်များနှင့် စပ်လျဉ်း၍ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေနှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအတိုင်း မပြောင်းလဲဘဲ ရေးဆွဲခြင်း၊ ကြွေးမြီစာရင်းများကို ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအတိုင်း ရေးဆွဲခြင်း၊ နိုင်ငံခြားငွေဖြင့်ရငွေ၊ သုံးငွေလျာထားချက်များကို ယခင်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် နိုင်ငံခြားငွေ လဲလှယ်နှုန်းအတိုင်း တွက်ချက်ရေး ဆွဲခြင်းတို့အား ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဆောင်ရွက်ထားကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။
“(ကျပ် ၃ ဒသမ ၀၀၃ ဘီလျံ)ပိုမိုလျာ ထားရခြင်းမှာ ပြည်ထောင်စုဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်းကြောင့် အသုံးစရိတ်များ လျော့နည်းသွားသော်လည်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနတို့အတွက် အသုံးစရိတ် ခွဲဝေလျာထားခြင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံရရှိသော ကုန်သွယ်လုပ်ငန်းခွန် ခေါင်းစဉ်အောက်မှ တယ်လီဖုန်းပြောဆိုခ ငါးရာခိုင်နှုန်းအခွန်ငွေ ကျပ် ၇ ဒသမ ၅ ဘီလျံကို ပြည်သူလူထုအ တွက် တိုက်ရိုက်အကျိုးရှိစေမည့် ပညာရေး ကဏ္ဍအတွက် အသုံးပြုနိုင်ရန် ပညာရေးဝန်ကြီးဌာနတွင် အသုံးစရိတ်ကျပ် ၇ ဒသမ ၅ ဘီလျံတိုးမြှင့် လျာထားပေးခြင်းတို့ကြောင့် ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
အသုံးစရိတ်ပိုင်းတွင် ပိုမိုလျာထားသည့် ကျပ် ၃ ဒသမ ၀၀၃ ၌ သာမန်အသုံးစရိတ် ကျပ် ၂ ဒသမ ၄၄၁ ဘီလျံ၊ ငွေလုံးငွေရင်း အသုံးစရိတ်ကျပ် ၀ ဒသမ ၅၆၂ ဘီလျံပါဝင်သည်။
ထို့ပြင် အသုံးစရိတ်တွင် ကျပ် ၃ ဒသမ ၀၀၃ ဘီလျံ တိုးလာသကဲ့သို့ရငွေ အပိုင်းတွင်လည်း သာမန်ရငွေ ကျပ် ၀ ဒသမ ၉၈၇ ဘီ လျံနှင့် ငွေလုံးငွေရင်းရငွေကျပ် ၂ ဒသမ ၀၁၆ ဘီလျံ၊ စုစုပေါင်း ရငွေကျပ် ၃ ဒသမ ၀၀၃ ပိုမိုလာကြောင်း ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်းချက်အရ သိရသည်။
ယင်းသို့ သာမန်ရငွေပိုင်းတွင် ပိုမိုလာခြင်းမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အခွန်ရငွေကျပ် ၀ ဒသမ ၇၆၂ ဘီလျံနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ အခွန်ရငွေကျပ် ၀ ဒသမ ၂၂၅ ဘီလျံ ပိုမိုလျာထားခြင်း ဖြစ်ကြောင်း၊ ငွေလုံးငွေရင်းရငွေ အပိုင်းတွင် ပိုမိုလာခြင်းမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတွင် JICA မှ ပြည်ပအကူအညီရငွေ ရရှိခြင်းကြောင့် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
ရငွေတိုးမြင့်သည့်ငွေရပ်မှာ ကျပ် ၃ ဒသမ ၀၀၃ ဘီလျံ ဖြစ်ပြီး အသုံးစရိတ် တိုး မြင့်သည့် ငွေရပ်မှာ ကျပ် ၃ ဒသမ ၀၀၃ ဘီလျံဖြစ်သဖြင့် လိုငွေပမာဏမှာ မူလဥပဒေပါအတိုင်း ပြောင်းလဲမှု မရှိကြောင်းနှင့် လိုငွေနှင့် ဂျီဒီပီ အချိုးမှာလည်း ပြောင်းလဲမှုမရှိဘဲ မူလအတိုင်း ၄ ဒသမ ၄၇ ရာခိုင်နှုန်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုငွေအတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့သောငွေကျပ် ၁၆၈၈၂၁၉ သန်း (၁၆၈၈ ဒသမ ၂၁၉ ဘီလျံ)မှာ ပြောင်းလဲခြင်းမရှိဘဲ မူလအတိုင်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အလားတူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံခြင်း၊ မြန်မာ-အိန္ဒိယနယ်စပ် ခြံစည်းရိုးကာရံခြင်း အသုံးစရိတ်များကို ပြင်ဆင်ခြင်းမပြုဘဲ မူလအတိုင်း ဆက်လက်ထားကြောင်း ၎င်းက ပြောကြားသည်။