အမေရိကန်သံရုံးအတွင်း မျက်ရည်ယိုဗုံး စမ်းသပ်ရာမှ အနံ့ထွက်၍ ရဲနှင့် မီးသတ်တပ်ဖွဲ့များ လာရောက်မှုဖြစ်ပွား

အမေရိကန်သံရုံးအတွင်း မျက်ရည်ယိုဗုံး စမ်းသပ်ရာမှ အနံ့ထွက်၍ ရဲနှင့် မီးသတ်တပ်ဖွဲ့များ လာရောက်မှုဖြစ်ပွား
Published 25 July 2016
သတင်းနှင့်ဓာတ်ပုံ-ကြည်နိုင်

ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးအတွင်း မျက်ရည်ယိုဗုံး စမ်းသပ်မှု ဇူလိုင် ၂၄ ရက် ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ည ၉ နာရီ မိနစ် ၃၀ ခန့် တွင် ပြောကြားသည်။
 
ယင်းသို့ မျက်ရည်ယိုဗုံး စမ်းသပ်ရာမှ အနံ့ဆိုးများ ထွက်ပေါ်ခဲ့ကြောင်း၊  အမေရိကန်သံရုံးအနီးအနားရှိ စားသောက်ဆိုင်နှင့် ကော်ဖီဆိုင်များအတွင်း ရှိနေသူများလည်း တိမ်းရှောင်ခဲ့ရကြောင်း သံရုံးပတ်ဝန်းကျင်မှ  စုံစမ်းသိရသည်။ 
 
“ စမ်းသပ်တဲ့နေရာက သူတို့ရဲ့ရုံးခန်း၊ စမ်းသပ်တဲ့ကွင်းထဲမှာ စမ်းသပ်တာ အဲဒီအချိန်က အုံ့ဆိုင်းနေလို့ ဘာမှမဖြစ်ဘူးလို့ ထင်ရတာ။ နောက်မှ ပျံ့လွင့်သွားတယ်လို့ ယူဆပါတယ်တဲ့။ အဲဒီအတွက်ကို တောင်းပန်ပါတယ်တဲ့။ 
ဒါပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပါပဲတဲ့။ နောက် မဖြစ်စေရပါဘူးတဲ့။ နောက်ဆိုရင် လေ့ကျင့်မယ်ဆိုရင် ဌာနဆိုင်ရာတွေကို တင်ပြပြီးတော့ ခွင့်ပြုချက်ရယူပြီးတော့ လေ့ကျင့်မယ်တဲ့။ မျက်ရည်ယိုဗုံး တစ်လုံးပါ။ လေ့ကျင့်တယ်၊ Gas ထွက်တယ်”ဟု အမေရိကန်သံရုံးအတွင်း ဝင်ရောက်မေးမြန်းပြီးနောက် ပြန်လည်ထွက်ခွာလာသော ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ပြောကြားသည်။
 
ဆက်လက်ပြီး ရဲမှူးက“ Gas ထွက်တဲ့ဟာ သူတို့ရဲ့ စမ်းသပ်တဲ့အခန်းမှာပဲ ပြီးပြီလို့ သူတို့က ထင်လိုက်တယ်။ ဒါပေမဲ့ အပြင်ကို စိမ့်ထွက်သွားတယ်။ ပျံ့သွားတယ်။ လေ့ကျင့်ရေးဗုံးကို စမ်းသပ်လိုက်တာ။ ဒီဟာတွေက လုံခြုံရေးအရာရှိ (အမေရိကန်သံရုံးမှ) သူသိတဲ့ဟာကို ပြောတာဖြစ်ပါတယ်” ဟု ပြောကြားသည်။ 
 
သံရုံးအတွင်း ယင်းကဲ့သို့ ဖြစ်ပွားပြီးနောက် ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် နာရေးကူညီမှုအသင်းအဖွဲ့များမှ သံရုံးရှေ့သို့ ကူညီရန် ရောက်ရှိလာခဲ့ကြောင်း၊ သို့သော် မီးသတ်ယာဉ်၊ ကြက်ခြေနီနှင့် လူနာတင်ယာဉ်များ ည ၉ နာရီခန့်တွင် သံရုံးရှေ့မှ ပြန်ထွက်သွားခဲ့သည်ကို တွေ့ရှိရသည်။ 
 
အဆိုပါ အနံ့သည် ပုပ်အဲ့အဲ့ အနံ့ရှိကြောင်း၊ တာဝန်သိ ပြည်သူတစ်ဦးက သတင်းပေး၍ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း အနောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူးက အခင်းဖြစ်နေရာတွင် ပြောကြားသည်။
 
“ဒီနားမှာ Gas အနံ့ရပြီးတော့ မျက်ရည်ယိုတာ ဖြစ်တယ်။ အသက်ရှူနည်းနည်းကျပ်တာ ဖြစ်တယ်ဆိုတဲ့ သတင်းကြားလို့ ကျွန်တော်တို့ ဒီကိုလာခဲ့တာပါ။ ကျွန်တော်တို့ကို တာဝန်သိ ပြည်သူတစ်ဦးကနေ စမ်းချောင်းမီးသတ်ကို လှမ်းဆက်လိုက်တာပါ။ အခုတော့ ဘာအနံ့မှ မရတော့ပါဘူး။ ဒီနားမှာလည်း Gas ပိုက်လိုင်းမရှိဘူး။ အနံ့ကတော့ ပုပ်အဲ့အဲ့အနံ့ပေါ့” ဟု အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူးက ပြောကြားသည်။ 
 
အမေရိကန်သံရုံးအနီးရှိ ကော်ဖီဆိုင်တစ်ဆိုင်မှ ဝန်ထမ်းတစ်ဦးက “မျက်စိတွေ စပ်ပြီး နှာခေါင်းတွေ ပူလာတယ်။ နေလို့တောင် မရဘူး။ အသက်ရှူလို့လည်း မရဘူး။ လာတဲ့ အနံ့ကတော့ အဲဒီဘက်ကလာတာ။ ဆိုင်ထဲ ကလူတွေပါ နေလို့မရတော့ဘူး။ စားသုံးသူတွေရော အကုန်ထွက်ပြေးရတယ်။ အနံ့က ၁၅ မိနစ်လောက်ထိ ကြာတယ်။ ငရုတ်ကောင်း လိုလို၊ ငရုတ်သီးကြော်အနံ့ လိုလိုနဲ့ နှာခေါင်းထဲမှာ မွှန်ထူနေပြီး ကျန်ခဲ့တယ်” ဟု ပြောကြားသည်။