နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေသည့် (၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ဇူလိုင် ၂၄ ရက်၌ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် စတင် ပြုလုပ်ခဲ့ပါသည်။အစည်းအဝေးအတွက် ဖွင့်ပွဲကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် ဗီယန်ကျင်းမြို့၌ အကြီးဆုံးဖြစ်သော Don Chan Place ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး လာအိုနိုင်ငံ ဝန်ကြီးချုပ် Thoungloun Sisoulith နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ သံတမန်များ တက်ရောက်ခဲ့ကြပါသည်။ဖွင့်ပွဲ အခမ်းအနားတွင် လာအိုဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခဲ့ပြီး ကွဲပြားခြားနားမှုများ ရှိနေသည့် အာဆီယံ၌ အဖွဲ့ဝင်နိုင်ငံများ၏ ညီညွတ်မှုကို မည်သူမျှ ဟန့်တားနိုင်ခြင်း မရှိကြောင်း ပြောကြားသည်။“ဆယ်စုနှစ် ငါးခုကျော် ကာလအတွင်း အာဆီယံဟာ အခက်အခဲများစွာ ဖြတ်သန်းခဲ့ပြီး အခုတော့ ငြိမ်းချမ်းတည်ငြိမ်တဲ့ ဒေသတစ်ခု ဖြစ်နေပါပြီ။ ဒေသရဲ့ စီးပွားရေးဟာလည်း တိုးတက်လျက်ရှိပြီး ပြည်သူ အချင်းချင်း ဆက်ဆံရေးဟာလည်း ကောင်းမွန်မှု ရှိပါတယ်။ လူပေါင်း သန်း ၆၂၀ ကျော်ရှိတဲ့ ဒေသကြီးဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က စပြီး အာဆီယံ အသိုက်အဝန်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်စုတည်း ဖြစ်လာကြပါပြီ။ ဒီဒေသကြီးဟာ ဈေးကွက်တစ်ခုတည်း ဖြစ်လာခဲ့ပြီး စုပေါင်း အသားတင် ထုတ်ကုန် (GDP) ဟာလည်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ထရီလီယံ ဖြစ်နေပြီး ခုနစ်ခုမြောက် ကမ္ဘာ့အကြီးဆုံး စီးပွားရေးလည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်က ဒေသတွင်း ပြည်သူများရဲ့ တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၃၄၁ သာ ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှာ ဆိုရင် ၄၁၃၅ အထိ ၇၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ထင်ရှားသော အောင်မြင်မှုများကတော့ အာဆီယံ အဖွဲ့အစည်းများမှ တစ်ဆင့် အာဆီယံနိုင်ငံများနှင့် ပြင်ပနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာခြင်းပဲ ဖြစ်ပါတယ်” ဟု လာအို ဝန်ကြီးချုပ်က ပြောကြားသည်။ထို့အတူ (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသည် ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အဝန်း စတင်ပြီးချိန်တွင် ပြုလုပ်ခဲ့သော အစည်းအဝေး တစ်ရပ်ဖြစ်ပြီး အရေးကြီးသော အချိန်ကာလတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။“ကမ္ဘာ့နိုင်ငံ အများစုဟာ ဆိုရင်လည်း သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သော လုံခြုံရေး ပြဿနာများဖြစ်တဲ့ နယ်မြေ အငြင်းပွားမှု၊ အစွန်းရောက် အကြမ်းဖက်မှုများ၊ သဘာ၀ ဘေးအန္တရာယ်၊ ရာသီဥတု ပြောင်းလဲမှု၊ လူကုန်ကူးမှု၊ နယ်မြေ ပြောင်းရွှေ့မှု စသည်တို့နှင့် ရင်ဆိုင်နေရပါတယ်။ ဥရောပသမဂ္ဂမှ ဗြိတိန် ခွဲထွက်မှု (Brexit) အပါအဝင် ဖြစ်ပွားခဲ့တဲ့ ပြောင်းလဲမှုများကို ကျွန်တော်တို့ အမီလိုက်နိုင်ဖို့ လိုပါတယ်။ ဒီကမ္ဘာ့အရေးတွေနှင့် ပတ်သက်ပြီး စက်တင်ဘာမှာ ကျင်းပမယ့် (၂၈)ကြိမ်နှင့် (၂၉) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးများမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခွင့်ရမယ် ထင်ပါတယ်” ဟု လာအိုဝန်ကြီးချုပ်က ပြောကြားသည်။အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲတွင် လာအို နိုင်ငံခြားရေး ဝန်ကြီး Saleumxay Kommasith ကလည်း မိန့်ခွန်းပြောကြားသည်။လက်ရှိ အာဆီယံ အနေဖြင့် အောင်မြင်မှု ရရှိနေသော်လည်း စိန်ခေါ်မှုများ ရှိနေပြီး အဆိုပါ စိန်ခေါ်မှုများကို ယခုနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှတစ်ဆင့် ကျော်ဖြတ်နိုင်လိမ့်မည်ဟု လာအိုနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။“စိန်ခေါ်မှုတွေကို တည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ ကျနော်တို့ရဲ့ စုပေါင်း အင်အားတွေ လိုပါတယ်။ ဒီလို အခင်းအကျင်းမှာ (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ကျင်းပရင်း အဖြေရှာသွားဖို့ အခွင့်အရေးပါပဲ။ အာဆီယံ အသိုက်အဝန်း ရည်မှန်းချက် ၂၀၂၅၊ လုံခြုံသော အသိုက်အဝန်း စီမံချက် ၂၀၂၅ တို့ကနေတစ်ဆင့် အာဆီယံ အသိုက်အဝန်းကို ဖွံ့ဖြိုးလာအောင် ဆောင်ရွက်သွားမှာပါ။ မိတ်ဘက် နိုင်ငံများနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ရင်း နိုင်ငံတကာ ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးများကို ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများဟာ ယခုနှစ် စက်တင်ဘာမှာ အောင်မြင်တဲ့ (၂၈) ကြိမ်မြောက်နှင့် (၂၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများ ကျင်းပနိုင်ဖို့ အုတ်မြစ် ဖြစ်ပါတယ်” ဟု လာအိုနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။(၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးအတွက် ရှေ့ပြေး အစည်းအဝေးများကို ဇူလိုင် ၁၉ ရက်ကတည်းက စတင် ပြုလုပ်နေပြီး ဇူလိုင် ၂၄ ရက်တွင် နိုင်ငံခြားရေးဝန်ကြီး အဆင့် အစည်းအဝေးများ စတင်ခဲ့ခြင်းဖြစ်သည်။ဇူလိုင် ၂၄ ရက်၌ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့် အစည်းအဝေးများ ပြုလုပ်မည်ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်သည်။အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေပြီး နိုင်ငံခြားရေးဝန်ကြီး တာဝန်ဖြင့် အာဆီယံ ဆိုင်ရာ အဆင့်မြင့် အစည်းအဝေးသို့ ပထမဆုံး တက်ရောက်ခြင်း ဖြစ်ပါသည်။ဇူလိုင် ၂၅ ရက်တွင် အာဆီယံနှင့် မိတ်ဘက်နိုင်ငံများအကြား နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများ ဆက်လက်ပြုလုပ်မည်ဖြစ်ကာ ဇူလိုင် ၂၆ ရက်တွင် အရှေ့အာရှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံဒေသတွင်းဆိုင်ရာ ဖိုရမ် ပြုလုပ်မည်ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေသည့် (၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး စတင်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေသော (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ပြုလုပ်စဉ် (ဓာတ်ပုံ - နေထွန်းနိုင်)