မြောက်ကိုရီးယား၊ ရုရှားနိုင်ငံခြားရေး ဝန်ကြီးများနှင့် ဒေါ်အောင်ဆန်းစုကြည် သီးခြား တွေ့ဆုံမည်

မြောက်ကိုရီးယား၊ ရုရှားနိုင်ငံခြားရေး ဝန်ကြီးများနှင့် ဒေါ်အောင်ဆန်းစုကြည် သီးခြား တွေ့ဆုံမည်
Published 24 July 2016

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြောက်ကိုရီးယား၊ ရုရှားနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ဇူလိုင် ၂၄ ရက်တွင် စတင်မည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၂၂ ရက် ညပိုင်းတွင် ဗီယန်ကျင်းသို့ ရောက်ရှိခဲ့ပြီး ဇူလိုင် ၂၃ ရက်တွင် အရှေ့တောင်အာရှ  နျူကလီးယား ကင်းမဲ့ဇုန် ကော်မရှင် အစည်းအဝေးနှင့် အာဆီယံဒေသတွင်း လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် ကိုယ်စားလှယ်များ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး Setia Lim Jock Seng နှင့် သီးသန့်တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံမှုသည် မိနစ် ၂၀ ကျော်ခန့် ကြာမြင့်ခဲ့သည်။ သို့သော် ဆွေးနွေးမှုတွင် ပြောကြားခဲ့သော အကြောင်းအရာများအတွက် အသေးစိတ် သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၂၄ ရက်တွင် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်ကာ ဇူလိုင် ၂၅ ရက်တွင် သြစတြေးလျ၊ ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆက်လက် တွေ့ဆုံမည် ဖြစ်သည်။ထိုကဲ့သို့ သီးသန့် တွေ့ဆုံမှုများအတွက် မြန်မာနိုင်ငံဘက်မှ ကမ်းလှမ်းခဲ့ခြင်း မရှိဘဲ တွေ့ဆုံလိုသော နိုင်ငံများမှ ကမ်းလှမ်းခဲ့သည့် အတွက် လက်ခံတွေ့ဆုံခဲ့ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနမှ သံတမန် တစ်ဦးက ပြောကြားသည်။ဇူလိုင် ၂၃ ရက် အချိန်အထိ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် အစည်းအဝေး ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ကမ်းလှမ်းခဲ့သော နိုင်ငံများမှာ ဘရူနိုင်း၊ ဗီယက်နမ်၊ နော်ဝေ၊ တောင်ကိုရီးယား၊ တရုတ်၊ သြစတြေးလျ၊ ရုရှားနှင့် မြောက်ကိုရီးယားတို့ဖြစ်ကြောင်း သိရသည်။အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဒေသတွင်းဖိုရမ်သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တက်ရောက်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံရန် အစီအစဉ် ရှိ၊ မရှိ မသိရသေးပေ။