မူအားဖြင့် ခွင့်ပြုချက် ရရှိထားပြီး လုပ်ငန်းဆောင်ရွက်ခြင်း မရှိသေးသော အဆောက်အအုံ ၁၀၇ လုံး ဆောက်လုပ်ခွင့်ပြုမိန့် ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြလျှောက်ထားနိုင်

မူအားဖြင့် ခွင့်ပြုချက် ရရှိထားပြီး လုပ်ငန်းဆောင်ရွက်ခြင်း မရှိသေးသော အဆောက်အအုံ ၁၀၇ လုံး ဆောက်လုပ်ခွင့်ပြုမိန့် ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြလျှောက်ထားနိုင်
Published 22 July 2016
စည်သူအောင်

မူအားဖြင့် ခွင့်ပြုချက်ရရှိထားပြီး လုပ်ငန်းဆောင်ရွက်ခြင်း မရှိသေးသော အဆောက်အအုံ ၁၀၇ လုံးအနေဖြင့် ဆောက်လုပ်ခွင့်ပြုမိန့် ရရှိရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်တင်ပြ လျှောက်ထားနိုင်ကြောင်း ယင်းကော်မတီက ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်နေခြင်းကို ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေးကော်မတီ ဖွဲ့စည်းပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဖြစ်စေရန် စနစ်တကျ စိစစ်ဆောင်ရွက်နေသည်ဟု ယင်းကော်မတီက ဆိုသည်။
အဆိုပါစိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောက်လုပ်ခွင့်ပြုမိန့် ရရှိပြီး ဆောက်လုပ်ဆဲဖြစ်သော အဆောက်အအုံ ၆၄ လုံးကို ပထမအဆင့် စိစစ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဆောက်အအုံ ၆၄ လုံးအနက် ခွင့်ပြုချက်နှင့် ကိုက်ညီစွာ ဆောင်ရွက်နေသော အဆောက်အအုံ ၅၂ လုံးကို ဆက်လက် ဆောက်လုပ်ခွင့်ပြုခြင်း၊ ခွင့်ပြုချက်၊ သတ်မှတ် ချက်များနှင့် ကိုက်ညီခြင်း မရှိသေးသော အဆောက်အအုံ ၁၂ လုံးအား စည်းကမ်းဘောင် အတွင်းတွင် ဆက်လက်ဆောက်လုပ်နိုင်ရေး၊ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်စေခြင်းတို့ကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၃/၂၀၁၆ တွင် ဆုံးဖြတ်ကာ သက်ဆိုင်ရာ လုပ်ငန်းခွင်များသို့ အကြောင်းကြား ခဲ့ကြောင်း သိရသည်။
ထို့အတူ မူအားဖြင့် ခွင့်ပြုချက်ရရှိပြီး ဆောက်လုပ်ခွင့်ပြုမိန့် မရရှိသေးသော မြေသားလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အဆောက်အအုံ ၅၁ လုံးကို သတ်မှတ်ချက်နှင့် ကိုက်ညီသော ဆောက်လုပ်မှု ဖြစ်စေရေး စိစစ်ဆောင်ရွက်နေရာ ဇူလိုင် ၂၁ ရက်တွင် အဆောက်အအုံ ၁၉ လုံး စိစစ်ပြီးဖြစ်ပြီး ဇူလိုင် ၂၅ ရက်အပြီး စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
အပြီးသတ် အတည်ပြု ထုတ်ပေးသော ဆောက်လုပ်ခွင့်ပြုမိန့် မရရှိသေးသည့်အ ထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်မှုကို ခေတ္တရပ်ဆိုင်းရန်နှင့် ကွင်းဆင်းစစ်ဆေးကာ သတ်မှတ်ချက်နှင့် ကိုက်ညီပါက ပြန်လည်ခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မေ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ရပ်ဆိုင်းခဲ့ရခြင်းကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့ နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရပြီး လုပ်ငန်းမသေချာ မရေရာမှုများ ဖြစ်ပေါ်ခြင်း၊ ဝယ်ယူထားသူများနှင့် ပြဿနာ များဖြစ်ပေါ်ခြင်း၊ ဘဏ်မှ ချေးငွေရယူထား သူများအတွက် ဆုံးရှုံးနိုင်ခြေများပြားခြင်း၊ အလုပ်သမားများအတွက် အလုပ်အကိုင်နှင့် လုပ်ခလစာ ဆုံးရှုံးခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်နေကြောင်း အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်နေသည့် လုပ်ငန်းရှင်များက တုံ့ပြန်ပြောဆိုထားသည်။             
“အိမ်ခြံမြေဖော်ဆောင်မှုတွေကို စစ်ဆေးတာက လက်ရှိမြန်မာနိုင်ငံ အိမ်ခြံမြေ ကဏ္ဍတစ်ခုလုံးကို စနစ်ကျတဲ့ပုံစံအဖြစ် ပြောင်းလဲတာဖြစ်ပြီး အနာဂတ်ကာလမှာ အိမ်ခြံမြေဖော်ဆောင်မှုကဏ္ဍ တစ်ရပ်လုံးကို ပိုမိုကောင်းမွန်ပြီး စနစ်ကျတဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။  စည်းမျဉ်းစည်းကမ်း အပြောင်းအလဲတွေ ပြုလုပ်နေတဲ့ လက်ရှိကာလရဲ့ အခက်အခဲတွေက အိမ်ခြံမြေကဏ္ဍ တစ်ခုလုံးအပေါ် ရေရှည်အကျိုး ဖြစ်ထွန်းမှုကို ဖြစ်ပေါ်လာစေဖို့ လိုအပ်ပါတယ်” ဟု house.com.mm မှ Cofounder နှင့် မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Mr. Nitesh Khirwal က ပြောကြားသည်။