ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လက်ပြန်ကြိုးတုပ်၍ အသတ်ခံရသော ညီအစ်ကိုနှစ်ဦးအမှုနှင့် ပတ်သက်၍ တစ်နှစ်ကျော်ကြာ လွတ်မြောက်နေသည့် တရားခံပြေးအား လက်နက်များနှင့်အတူ ဖမ်းမိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
အမှုနှင့် ပတ်သက်၍ တရားခံပြေး စောကျော်စွာ (ခ) စောအောင်ကျော်စွာ (ခ)ကျော်စွာ (ခ) စောအယ်ကော်အား ဇူလိုင် ၁၉ ရက် ညနေ ၅ နာရီခွဲတွင် ဘုရားကြီးမြို့၊ သရက်ကုန်းကျေးရွာရှိ နေအိမ်တစ်အိမ်သို့ ရောက်ရှိနေစဉ် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်မတော်သားများ ပူးပေါင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ COLD အမျိုးအစား ဒသမ ၄၅ ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည်လေးတောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“အမာခံသတင်းပေးတစ်ဦးရဲ့ သတင်းပေးချက်အရ တရားခံပြေးကို ဘုရားကြီးမှာ ပူးပေါင်းအဖွဲ့တွေနဲ့ စောင့်ပြီး ဖမ်းဆီးခဲ့ပါတယ်။ သူ့ဆီက ပစ္စတို သေနတ်တစ်လက် အပါအဝင် ကျည်အချို့ ဖမ်းမိခဲ့ပါတယ်။ သူ့ကို KNU/KNLA အဖွဲ့က ဆိုးသွမ်းလို့ ထုတ်ပယ်ထားတယ်လို့ စာရရှိပါတယ်။ သူနဲ့အတူ ယခင် လူသတ်မှု ကျုးလွန်ခဲ့တဲ့သူတွေကိုလည်း အင်းတကော်မြို့နယ် တရားရုံးမှာ လူသတ်မှုပုဒ်မနဲ့ ရုံးတင် စစ်ဆေးနေပါတယ်။ တရားခံပြေးအနေနဲ့ သူ့ကိုလည်း တရားရုံး တင်ပို့ပြီးပါပြီ” ဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး လှဦးက ဇူလိုင်၂၁ ရက် တွင် ပြောကြားသည်။
သေနတ်နှင့်အတူ ဖမ်းမိခဲ့သည့် ၎င်းအား ဘုရားကြီးနယ်မြေ ရဲစခန်းတွင် (ပ) ၉၂ /၂၀၁၆ လက်နက်များ ဥပဒေပုဒ်မ ၁၉ (စ) တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
“ယခင် လူသတ်မှုနှင့် ပတ်သက်လို့ အင်းတကော် ရဲစခန်းမှာလည်း အမှုဖွင့်ထားကို သူရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဇူလိုင် ၂၁ ရက်တွင် ပြောကြားသည်။
၂၀၁၅ ခုနှစ် မေ ၅ ရက်က ရန်ကုန်-မန္တလေး အမြန်ကားလမ်းနံဘေး ပေ ၂၅၀ ခန့် အကွာရှိ အင်းတကော်မြို့ အမှတ် (၂) ရပ်ကွက်၊ ရွှေပြည် (၃) ဆည်သွားသည့် လမ်းနံဘေးသို့ ပရိုဘောက်စ် အဖြူရောင်ယာဉ်ဖြင့် အမျိုးသားနှစ်ဦးအလောင်းကို လာရောက်ပစ်သွားကြောင်း ကျောင်းသူတစ်ဦးက သက်ဆိုင်ရာသို့ အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ သေဆုံးအမျိုးသားနှစ်ဦးမှာ လက်ပြန်ကြိုးတုပ်ခံရပြီး လည်ပင်း၊ ရင်အုံ၊ ပေါင်၊ ကုပ်တို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်က ိုတွေ့ ရှိခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
ထိုသို့ လူသတ်ပြီး လာရောက်စွန့်ပစ်ရာတွင် ပါဝင်သည့် အမျိုးသားနှစ်ဦးကို ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ပြီး လူသတ်မှုအား ဦးဆောင်သူဟု ယူဆရသည့် အမျိုးသားတစ်ဦးမှာ ကရင်ပြည်နယ် ဘားအံမြို့တွင် သက်ဆိုင်ရာသို့ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ရဲတပ်ဖွဲ့ဝင်များ၏ ကနဦး စစ်ဆေးချက်အရ အသတ်ခံခဲ့ရသည့် ညီအစ်ကိုနှစ်ဦးမှာ ဂျပန်သို့ ပို့ပေးမည်ဟုဆိုပြီး ငွေကြေးလိမ်လည်ခဲ့သည့်အတွက် ကျုးလွန်သူများက သတ်ခဲ့ခြင်း ဖြစ်သည်ဟု ကနဦး ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း လက်ပြန်ကြိုးတုပ်၍ အသတ်ခံရသော ညီအစ်ကိုနှစ်ဦးအမှုတွင် တစ်နှစ်ကျော်ကြာ လွတ်မြောက်နေသည့် တရားခံပြေးအား လက်နက်များနှင့်အတူ ဖမ်းမိ