တူရကီတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုကိုဆန့်ကျင်သော ဆန္ဒပြပွဲကြီးများ ဖြစ်ပွားခဲ့ပြီး အစိုးရ၏ လက်တုံ့ပြန်နှိမ်နင်းမှုများ စတင်

တူရကီတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုကိုဆန့်ကျင်သော ဆန္ဒပြပွဲကြီးများ ဖြစ်ပွားခဲ့ပြီး အစိုးရ၏ လက်တုံ့ပြန်နှိမ်နင်းမှုများ စတင်
Published 17 July 2016
Ref: AFP

တူရကီနိုင်ငံတွင် စစ်တပ်အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခုကို အာဏာပိုင်များက အောင်မြင်စွာ ချေမှုန်းလိုက်နိုင်ခဲ့ပြီးနောက် ဇူလိုင် ၁၆ ရက်က တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်အတွက် လူထောင်ပေါင်းများစွာ လမ်းပေါ်သို့ ချီတက်ဆန္ဒပြခဲ့ကြသည်။ ထိုအာဏာသိမ်းရန် ကြိုးပမ်းမှုအတွင်း သေဆုံးသူ ၂၆၅ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရသည်။
အာဒိုဂန်သည် သူ၏အာဏာသက်တမ်း ၁၃ နှစ်အတွင်း သွေးထွက်သံယို အများဆုံး စိန်ခေါ်မှုကြီးနှင့် ရင်ဆိုင်လိုက်ရပြီးနောက် အစ္စတန်ဘူမြို့၌ အလံများဝှေ့ယမ်းနေသော ၎င်းအားထောက်ခံသူများရှေ့တွင် အောင်ပွဲခံ မိန့်ခွန်းပြောကြားခဲ့သည်။ အာဏာသိမ်းရန် ကြိုးပမ်းမှု၏နောက်ကွယ်တွင် အာဒိုဂန်၏ ခါးသီးသော ရန်သူတော်ဖြစ်သော အမေရိကန်အခြေစိုက် ဘာသာရေးဆရာ ဖာတူလာဂူလင်ရှိသည်ဟု အာဏာပိုင်များက အပြစ်တင်နေသည်။ ကမ္ဘာ့နိုင်ငံများက တူရကီအစိုးရ၏ ပြန်လည်လက်တုံ့ပြန်မှု အတိုင်းအတာနှင့် ပတ်သက်၍ သတိပေးနေကြစဉ် အာဏာသိမ်းရန် ကြံစည်မှုအတွင်း ပါဝင်သည်ဟု သံသယရှိသည့် စစ်သား ၂၈၃၉ ဦးကို ဖမ်းဆီးထားပြီးဖြစ်သည်။
ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက ရုပ်သံသတင်းများထဲ၌ မအောင်မြင်ခဲ့သည့် အာဏာသိမ်းရန် ကြိုးပမ်းမှုပြီးနောက် လက်နက်ချလိုက်သည့် စစ်သားဒါဇင်ပေါင်းများစွာကို တွေ့ခဲ့ရသည်။“အခြေအနေတွေကတော့ အလုံးစုံ ထိန်းချုပ်နိုင်သွားပါပြီ” ဟု ဝန်ကြီးချုပ် ဘီနာလီယီဒီရင်က အင်ကာရာ နန်းတော်အပြင်ဘက်တွင် ပြောကြားခဲ့သည်။ ယီဒီရင်နှင့်အတူ အာဏာသိမ်းရန် ကြံစည်သူများ၏ ပြန်ပေးဆွဲခြင်းကို ခံရသည်ဟုဆိုသော စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟူလူစီအာကာလည်း အတူရှိနေခဲ့သည်။
တူရကီအစိုးရ၏ လက်တုံ့ပြန်နှိမ်နင်းမှုအတွက် စိုးရိမ်နေကြ
အမေရိကန်သမ္မတ ဘာရက်အိုဘားမားက တရားဥပဒေဘောင်အတွင်းမှ လုပ်ဆောင်ခြင်းသည် အရေးအကြီးဆုံးဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ အာဏာသိမ်းရန်ကြိုးပမ်းမှုကို အပြစ်တင်ခဲ့သည့် ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်ကလည်း အာဏာသိမ်းရန် ကြံစည်သူများကို တရားဥပဒေ နည်းလမ်းတကျ ကိုင်တွယ်အရေးယူရမည်ဟု ဆိုသည်။
တတိယမြောက်တပ်မတော် (Third Army) မှ အုပ်ချုပ်သူတပ်မှူးဖြစ်သည့် ဗိုလ်ချုပ်ကြီး အာဒယ်အော့ဇ်တက်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးမှ တရားသူကြီး အယ်ပါစလန်အယ်တန်တို့ အပါအဝင် ယခုအချိန်အထိ ထိန်းသိမ်းခံခဲ့ရသည့် ဗိုလ်ချုပ်ကြီးနှင့် အကြီးတန်းအရာရှိပေါင်း ၃၄ ဦးရှိပြီဖြစ်သည်။ တရားရေးအာဏာပိုင်တို့၏ ပြောကြားချက်အရ နိုင်ငံတစ်ဝန်းရှိ တရားသူကြီး ၂၇၄၅ ဦး ကို ဖမ်းဝရမ်းထုတ်ထားသည်ဟု သိရသည်။ အာဏာပိုင်များကလည်း နိုင်ငံတစ်ဝန်းရှိ စစ်စခန်းများကို ဝင်စီးမှုများပြုလုပ်ကာ ကြံစည်မှုတွင်ပါဝင်သည်ဟု သံသယရှိသူများကို လိုက်လံ ရှာဖွေနေကြသည်။
သံသယရှိသူများအား တူရကီသို့ လွှဲပြောင်းပေးရန် တောင်းဆို
လက်ရှိအမေရိကန်၌ နေထိုင်နေသော အာဒိုဂန်၏ အနီးကပ်မဟာမိတ်ဖြစ်ခဲ့သည့် ဂူလင်ကို တူရကီဘက်သို့ လွှဲပြောင်းပေးရန် တူရကီအစိုးရက တောင်းဆိုနေသည်။ အမေရိကန်ဘက်ကမူ ထိုလွှဲပြောင်းရေးနှင့်ပတ်သက်၍ စိတ်ဝင်စားမှု အနည်းငယ်သာ ပြသသေးသည်။ ဂူလင်ကမူ အာဏာသိမ်းကြိုးပမ်းမှုတွင် ၎င်းပါဝင်သည်ဟူသည့် စွပ်စွဲချက်ကို ငြင်းဆိုကာ ယင်းစွပ်စွဲမှုသည် ၎င်းအားစော်ကားခြင်း ဖြစ်သည်ဟု ပြန်လည်ပြောကြားခဲ့သည်။ ထို့ပြင်  ဂရိနိုင်ငံသို့ စစ်ရဟတ်ယာဉ် တစ်စင်းဖြင့် ရောက်လာပြီး နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့သည့် ကြံစည်မှုအတွင်း ပါဝင်သည်ဟုယူဆရသော စစ်တပ်မှ အရာရှိရှစ်ဦးကို ပြန်လည်လွှဲပေးရန်လည်း တူရကီအစိုးရက တောင်းဆိုထားသည်။
အမေရိကန်နှင့် တူရကီတို့၏ ဆက်ဆံရေးတင်းမာမှု မြင့်တက်
အာဏာသိမ်းမှုနောက်တွင် အမေရိကန်အခြေစိုက် ဘာသာရေးဆရာဂူလင်ရှိသည်ဟု တူရကီအစိုးရက ဆိုသော်လည်း အချို့သော တူရကီအရာရှိများက ယခုကြံစည်မှုတွင် အမေရိကန်က တိုက်ရိုက် ပါဝင်ပတ်သတ်နေသည်ဟု စွပ်စွဲနေကြသည်။ “ဒီအာဏာသိမ်းဖို့ ကြိုးပမ်းမှုထဲမှ အမေရိကန်ပါဝင်တယ်လို့ ထင်ကြေးပေးနေကြတာဟာ လုံးဝမှားယွင်းပါတယ်။ ဒီစွပ်စွဲချက်တွေဟာ နှစ်နိုင်ငံ ဆက်ဆံရေးကိုလည်း ထိခိုက်စေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တူရကီနိုင်ငံခြားရေးဝန်ကြီးသို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။

Most Read

Most Recent