သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှု လိုင်စင်၊ ကုမ္ပဏီ မှတ်ပုံတင် အပါအဝင် လုပ်ငန်းများအတွက် ဌာန ၁၀ ခုကျော် ပါဝင်သည့် OSS Center ဖွင့်လှစ်ထားပြီး ကုမ္ပဏီများကို စိစစ် ခွင့်ပြုပေးနေ

သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှု လိုင်စင်၊ ကုမ္ပဏီ မှတ်ပုံတင် အပါအဝင် လုပ်ငန်းများအတွက် ဌာန ၁၀ ခုကျော် ပါဝင်သည့် OSS Center ဖွင့်လှစ်ထားပြီး ကုမ္ပဏီများကို စိစစ် ခွင့်ပြုပေးနေ
Published 16 July 2016
အေးမြတ်မွန်

သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ အတွက် ဝန်ကြီးဌာန ၁၀ ခုကျော် ပါဝင်သည့် ရင်းနှီးမြှုပ်နှံမှု လိုင်စင် အပါအဝင် ကုမ္ပဏီ registration ကိုပါ ခွင့်ပြုချက် ပေးနိုင်သည့် One Stop Service Center ကို ဖွင့်လှစ်ထားကာ လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။“One Stop Service Center ဖွင့်ပေးထားတော့ လုပ်ငန်းတွေ အဆင်ပြေတယ်။ အထူးစီးပွားရေးဇုန်တွေမှာ လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေ အနေနဲ့ Foreign Investment Law နဲ့ မဟုတ်ဘဲ၂၀၁၄ မှာ ထုတ်ပြန်ထားတဲ့ SEZ ဥပဒေနဲ့ ရင်းနှီးမြှုပ်နှံတာ ဖြစ်ပါတယ်။ အထူးစီးပွားရေးဇုန် ဥပဒေအရ ဘာပဲလိုလို ဒီ OSSC ကို သွားနိုင်တယ်။ သူက Investment Permit ကို ခွင့်ပြုပေးတယ်။ Investment Permit ကျရင် ကုမ္ပဏီ registration လုပ်လို့ရပြီ။ အဲဒါကိုလည်း ဒီစင်တာက လုပ်ပေးတယ်။ အဲဒီ one stop service center က သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီရဲ့ လက်အောက်မှာ ရှိတယ်။ သူ့မှာက အစိုးရဌာနပေါင်း ၁၀ ခုကျော်ပါတယ်။ ဌာနတော်တော်များများရဲ့ officer တွေကို ခန့်ပေးထားတယ်။ သီလဝါမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ကော်မတီက ခွင့်ပြုတယ် ဆိုရင် OSSC ကလည်း ခွင့်ပြုတယ်” ဟု Myanmar Japan Thilawa Development Ltd မှ General Manager ဖြစ်သူ ဦးမြင့်ဇော်က ပြောကြားသည်။အဆိုပါ ဌာနတွင် အချက်အလက်များ ပြည့်စုံသည့် လျှောက်လွှာတစ်စောင်ကို အချိန်တစ်လ အများဆုံးထားကာ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။“အခု လက်ရှိမှာ သီလဝါ အထူးစီးပွားရေးဇုန် အေအတွက် ကုမ္ပဏီ ၆၀ ကျော်က ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုချက် ကျပြီးသွားပြီ။ လက်ရှိမှာ နိုင်ငံပေါင်း ၁၆ နိုင်ငံက ကုမ္ပဏီ ၇၄ ခုရဲ့ ရင်းနှီးမြှုပ်နှံမှု reservation အတွက် ဆွဲဆောင်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။လက်ရှိတွင် သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင် အလုပ်အကိုင်ပေါင်း ၈၀၀၀ ကျော် ဖန်တီးပေးထားပြီးဖြစ်ကာ ဆောက်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံသည့် စက်ရုံများမှ တည်ဆောက်ဆဲ ကာလများပါ အပါအဝင်ဖြစ်ပြီး လုပ်ငန်း လုပ်ဆောင်နေသည့် ကုမ္ပဏီများမှ အလုပ်အကိုင်များ ပါဝင်ကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံမှ လုပ်ငန်းများ အများဆုံး ဝင်ရောက်လျက်ရှိပြီး ပြည်ပသို့ တင်ပို့သည့် ထုတ်ကုန် အချိုးအစားအပေါ် မူတည်ကာ free zone၊ promotion zone အဖြစ် အခွန်ကင်းလွတ်ခွင့် ငါးနှစ်မှ စတင်ကာ ပေးအပ်ထားကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ နယ်နိမိတ် တိုင်းတာ ပြီးစီးမှု အမှတ်ပေါင်း ၁၇၉ ခုဖြစ်သည့် နယ်မြေဧရိယာ စတုရန်း ကီလိုမီတာအားဖြင့် ၂၃ ဒသမ ၄၂၂၁ (ဧရိယာ အကျယ်အဝန်းအားဖြင့် ၅၇၈၇ ဒသမ ၇၁၈ ဧက)ကို သီလဝါ အထူးစီးပွားရေးဇုန်အဖြစ် နယ်နိမိတ် သတ်မှတ်ထားကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် မြန်မာအစိုးရ ကိုယ်စား သီလဝါ အထူးစီးပွားရေးဇုန် ကော်မတီမှ ၁၀ ရာခိုင်နှုန်း၊ Myanmar Thilawa SEZ Holdings Public Limited မှ ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ MMST ကုမ္ပဏီမှ ၃၉ ရာခိုင်နှုန်း၊ ဂျပန်အစိုးရ ကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ၁၀ ရာခိုင်နှုန်းဖြင့် စုစုပေါင်း မြန်မာ ၅၁ ရာခိုင်နှုန်း ဂျပန် ၄၉ ရာခိုင်နှုန်းဖြင့် အကောင်အထည်ဖော်နေသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။