၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အိမ်ရာအဆောက်အအုံကဏ္ဍတွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်ရန် လျာထား

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အိမ်ရာအဆောက်အအုံကဏ္ဍတွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်ရန် လျာထား
Published 15 July 2016

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဘဏ္ဍာနှစ်အလိုက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ သတ်မှတ်ခဲ့ရာ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍတွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်မည်ဟု အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။
 
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၂၇ ဘီလျံကျော် ဝင်ရောက်ရန် လျာထားရာ၌ အိမ်ရာအဆောက်အအုံ ကဏ္ဍတွင် ကျပ် ၆၂၃ ဘီလျံကျော်ဖြင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃၈ ဒသမ ၃၂ ရာခိုင်နှုန်း ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။
 
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၄၂ ဘီလျံကျော် ဝင်ရောက်ရန် လျာထားရာ၌ အိမ်ရာအဆောက်အအုံ ကဏ္ဍတွင် ကျပ် ၆၂၉ ဘီလျံကျော်ဖြင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃၈ ဒသမ ၃၃ ရာခိုင်နှုန်း ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။
 
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၅၇ ဘီလျံကျော် ဝင်ရောက်ရန် လျာထားရာ၌ အိမ်ရာအဆောက်အအုံ ကဏ္ဍတွင် ကျပ် ၆၃၅ ဘီလျံကျော်ဖြင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃၈ ဒသမ ၃၄ ရာခိုင်နှုန်း ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။
 
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၆၂ ဘီလျံကျော် ဝင်ရောက်ရန် လျာထားရာ၌ အိမ်ရာအဆောက်အအုံ ကဏ္ဍတွင် ကျပ် ၆၃၇ ဘီလျံကျော်ဖြင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃၈ ဒသမ ၃၅ ရာခိုင်နှုန်း ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။
 
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၆၅ ဘီလျံကျော် ဝင်ရောက်ရန် လျာထားရာ၌ အိမ်ရာအဆောက်အအုံ ကဏ္ဍတွင် ကျပ် ၆၃၈ ဘီလျံကျော်ဖြင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃၈ ဒသမ ၃၆ ရာခိုင်နှုန်း ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။
 
လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေး၊ လျှပ်စစ်ဓာတ်အား၊ စက်မှု၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု၊ သယ်ယူပို့ဆောင်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သတ္တု၊ ဟိုတယ်နှင့် ခရီးသွား၊  စက်မှုဇုန် တည်ဆောက်မှု၊ လယ်ယာနှင့် အခြားဝန်ဆောင်မှု ကဏ္ဍများသို့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၂၇ ဘီလျံကျော် ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။ 
 
နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာတွင် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရရှိရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုမိန့် ရရှိရေးအတွက် သတ်မှတ်ထားသော အဆိုပြုလွှာပုံစံဖြည့်ခြင်း၊ ၎င်းအဆိုပြုလွှာကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။ 
 
ပြည့်စုံသော အဆိုပြုလွှာများကို အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ အစည်းအဝေးသို့ တင်ပြဆွေးနွေးခြင်း၊ အဆိုပြုလွှာ စိစစ်ရေး အဖွဲ့အစည်းအဝေးမှ အတည်ပြုပါက အဆိုပြုချက်ကို လက်ခံကြောင်း၊ ငြင်းပယ်ကြောင်း အဆိုပြုလွှာ တင်သွင်းသူထံ အကြောင်းပြန်ခြင်း၊ လက်ခံပြီးသည့် အဆိုပြုလွှာနှင့် ပတ်သက်၍ ကော်မရှင်ရုံးအဖွဲ့က သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ သဘောထား၊ သက်ဆိုင်ရာ ဝန်ကြီးဌာန သဘောထားများ တောင်းခံ ခြင်း၊ သဘောထားမှတ်ချက် ပြည့်စုံပါက MIC အစည်းအဝေးသို့ အဆိုပြုချက်ကို တင်ပြဆွေးနွေးခြင်း၊ (MIC) အစည်းအဝေးမှ ခွင့်ပြုကြောင်း ဆုံးဖြတ်ပါက ရင်းနှီးမြှုပ်နှံသူထံ ခွင့်ပြုမိန့်ထုတ်ပေးကြောင်း သိရသည်။