မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်တွင် တရားခံဖမ်းဆီးရာတွင် ပြန်လည် ခုခံသဖြင့် သေနတ်နှင့်ပစ်ခတ် ဖမ်းဆီးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၁၂ ရက်က တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။သပိတ်ကျင်းမြို့နယ် တရားရုံးတွင် ပြစ်မှု ပုဒ်မ ၃၄၁/၃၇၉/၁၁၄ မတရား တားဆီးကန့်ကွက်မှု၊ ခိုးမှုတို့ဖြင့် တရားစွဲခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဖိုးပြား (ခ) သောင်းပိုင်မှာ မန္တလေး-ဗန်းမော် ကားလမ်း မိုင်တိုင် (၁၇/၄) ရှိ နွားပွဲဈေးတွင် ရောက်ရှိနေကြောင်း သိရသဖြင့် ဖမ်းဆီးရန် သွားရောက်ခဲ့ရာ ၎င်းအား Surf နက်ပြာရောင် ယာဉ်ပေါ်တွင် တွေ့ရှိရသဖြင့် စစ်ဆေးရန် တားမြစ်ခဲ့ကြောင်း၊ သို့သော် ၎င်းမှ ရပ်တန့်ခြင်း မရှိဘဲ ရဲတပ်ဖွဲ့ဝင်များအား ကားဖြင့် ဝင်တိုက်ရန် ပြုလုပ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့မှ သေနတ်နှင့် ပစ်ခတ်ခဲ့ရကြောင်း သိရသည်။ ယင်းအပြင် ၎င်းသည် ယာဉ်ပေါ်မှ ဆင်းလာပြီး ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ပြန်လည် ခုခံခဲ့ကြောင်းလည်း ရဲမှတ်တမ်းအရ သိရသည်။“၃၄၁၊ ၃၉၇ တို့နဲ့ အလိုရှိတဲ့ တရားခံပါ။ သူက လိုင်စင်နဲ့ နွားသယ်ဆောင်လာတဲ့ ကားကို တားတယ်။ နောက်ပြီး အဲဒီကားကို သူက တက်မောင်းတယ်။ အဲဒီ ကားပေါ်မှာရှိတဲ့ ကျပ်သိန်း ၅၀ ပျောက်ဆုံးခဲ့တယ်လို့ သိရတယ်။ မိုက်ကြေးခွဲတဲ့ သဘောပေါ့။ အဲဒီဖြစ်စဉ်မှာ နစ်နာသူက တိုင်ကြားထားတဲ့အတွက် တရားစွဲဆိုထားပြီး သူက ထွက်ပြေးလွတ်မြောက်နေတာပါ။ သူ ထွက်ပြေးမယ်ဆိုတာ သတင်းရလို့ ကြိုတင်ပြင်ဆင်ထားပြီး လိုအပ်ရင် ကားကို သေနတ်နဲ့ပစ်ဖို့ ရည်ရွယ်ပြီးသားပါ။ ကားနဲ့တိုက်မလိုလည်းလုပ်လို့ ပစ်ခဲ့ရပြီး ကားပေါ်က ဆင်းလာတော့လည်း ဓားနဲ့ပြန်လည် ခုခံသေးတယ်။ အဲဒီအမှုမှာ တရားခံ ငါးဦး ဖြစ်ပါတယ်။ နှစ်ဦးတော့ လွတ်နေသေးတယ်” ဟု သပိတ်ကျင်းမြို့နယ် တွင်းငယ်ရဲစခန်းမှူး ရဲအုပ်အောင်ကျော်မိုးက ဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားသည်။အဆိုပါ တရားခံပြေးဖြစ်သူ ဖိုးပြား (ခ) သောင်းပိုင်ကို ပြည်သူ့ဝန်ထမ်း တာဝန်ဝတ္တရား ထမ်းဆောင်ခြင်းကို အဟန့်အထား ဖြစ်စေမှု ပြစ်မှုပုဒ်မ ၃၅၃ ဖြင့် လည်းကောင်း၊ လက်နက်ပုဒ်မ ၁၉ (င) ဖြင့် လည်းကောင်း ထပ်မံ အမှုဖွင့်ထားကြောင်း သိရသည်။သပိတ်ကျင်းမြို့နယ်သည် နွားမှောင်ခိုကူးသူများ ဖြတ်သန်းသွားသည့် အဓိက လမ်းကြောင်းအဖြစ် တည်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
သပိတ်ကျင်းမြို့နယ်တွင် တရားခံ ဖမ်းဆီးရာတွင် ပြန်လည် ခုခံသဖြင့် သေနတ်နှင့် ပစ်ခတ်ဖမ်းဆီးမှု ဖြစ်ပွား