ရန်ကုန်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Landmark Development စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမည့် အစုရှယ်ယာရှင်များ သဘောတူစာချုပ် ချုပ်ဆို

ရန်ကုန်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Landmark Development စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမည့် အစုရှယ်ယာရှင်များ သဘောတူစာချုပ် ချုပ်ဆို
Published 13 July 2016
စည်သူအောင်

First Myanmar Investment Co.,Ltd (FMI) သည် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် ၃၇၂/၃၈၀ နေရာရှိ မြေကွက်ပေါ်တွင် ပြန်လည်ပြုပြင် တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်ပြီး Yoma Strategic Investments Ltd (YSIL)၊ Mitsubishi Corporation၊ Mitsubishi Co.,Ltd၊ International Finance Corporation (IFC) တို့နှင့် အစုရှယ်ယာရှင်များ သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် အပြီးသတ် လက်မှတ်ရေးထိုးခဲ့ကြောင်း ဇူလိုင် ၁၃ ရက်တွင် FMI က သတင်းထုတ်ပြန်သည်။အဆိုပါ စီမံကိန်းတွင် အဆင့်မြင့် ကွန်ဒိုမီနီယံ အဆောက်အအုံ တစ်လုံး၊ စီးပွားရေး လုပ်ငန်းသုံး ဟိုတယ်တစ်လုံး၊ Serviced Apartment များ၊ Grade A အဆင့်ရှိ ရုံးခန်း တာဝါများနှင့် ဈေးဝယ်စင်တာများ ပါဝင်သည်။ ယခု ချုပ်ဆိုသော စာချုပ်သည် အဆိုပါ လုပ်ငန်းနှင့်သာ သက်ဆိုင်ပြီး မြန်မာ့မီးရထား ရုံးချုပ်ကို ပြန်လည်မွမ်းမံသည့် လုပ်ငန်းနှင့် မသက်ဆိုင်ဘဲ အဆိုပါ ပြင်ဆင်မှု လုပ်ငန်းကို သီးခြားဖက်စပ် စာချုပ် ချုပ်ဆို ဆောင်ရွက်သွားမည် ဖြစ်သည်။အစုရှယ်ယာရှင်စာချုပ် အကောင်အထည်ဖော်ရာတွင် စာချုပ်ပါ စည်းကမ်းများကို လိုက်နာရန် လိုအပ်ပြီး အဓိက စည်းကမ်းချက်များမှာ အဆိုပါ စီမံကိန်းကို ဆောင်ရွက်မည့် ဖက်စပ်ကုမ္ပဏီ တစ်ခုဖြစ်သော Meeyahta Development Ltd (MDL) အနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် ရရှိရန်၊ အာရှဖွံ့ဖြိုးရေးဘဏ် အနေဖြင့် အဆိုပါ စာချုပ်ကို လက်မှတ် ရေးထိုးရန်၊ စီမံကိန်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းစီမံချက်၊ ဘတ်ဂျက်၊ မြေငှားစာချုပ်များ၊ ရှယ်ယာထည့်ဝင်မှုဆိုင်ရာ သဘောတူညီချက်များ အပြီးသတ် သဘောတူရန် လိုအပ်သည်။အထက်ပါ စည်းကမ်းချက်များ ပြီးမြောက်အောင် ဆောင်ရွက်ပြီးပါက အစုရှယ်ယာရှင်များဖြစ်သော FMI က ၁၂ ရာခိုင်နှုန်း၊ YSIL က ၄၈ ရာခိုင်နှုန်း၊ Mitsubishi Corporation နှင့် Mitsubishi Estate Co., Ltd က ရာခိုင်နှုန်း ၃၀၊ IFC က ငါးရာခိုင်နှုန်း၊ အာရှဖွံ့ဖြိုးရေး ဘဏ်က ငါးရာခိုင်နှုန်း အစုရှယ်ယာများထည့် ဝင်ရမည်ဖြစ်သည်။FMI ကုမ္ပဏီ အနေဖြင့် အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး MDL မှ လိုအပ်သည့် ဌာနဆိုင်ရာ ခွင့်ပြုချက်များကို လိုက်ပါကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အစုရှယ်ယာရှင်များ အနေဖြင့် ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက် မတိုင်မီ ပထမဆုံးအကြိမ် အစုရှယ်ယာများ ထည့်ဝင်နိုင်ခြင်း မရှိပါက အဆိုပါစာချုပ် ပျက်ပြယ်မည်ဖြစ်ကြောင်း FMI က အသိပေး ထုတ်ပြန်ထားသည်။အဆိုပါ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည့် ပမာဏကို မြန်မာ ကုမ္ပဏီများ ဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း Mitsubishi Corporation ၏ ပြောကြားချက်အရ စီမံကိန်း တစ်ခုလုံး ဒေါ်လာ သန်း ၆၀၀ တန်ဖိုးရှိပြီး Mitsubishi က ဒေါ်လာသန်း ၂၀၀ မြှုပ်နှံမည်ဖြစ်ကြောင်း ၎င်း၏ ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။