နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် မှောင်ခို ကုန်သွယ်မှုကို ပူးပေါင်းတားဆီး ကာကွယ်ရန် မြန်မာ-ထိုင်း သဘောတူ

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် မှောင်ခို ကုန်သွယ်မှုကို ပူးပေါင်းတားဆီး ကာကွယ်ရန် မြန်မာ-ထိုင်း သဘောတူ
Published 13 July 2016
မင်းသီဟဇော်

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် မှောင်ခို ကုန်သွယ်မှုကို ပူးပေါင်းတားဆီး ကာကွယ်ရန် မြန်မာ-ထိုင်း ဆွေးနွေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။သတ္တမ အကြိမ်မြောက် မြန်မာ-ထိုင်း ကုန်သွယ်ရေး ပူးတွဲကော်မရှင်၏ အကြီးတန်း အရာရှိများ အစည်းအဝေးတွင် ပင်လယ်ရပ်ခြား ကုန်သွယ်မှု သာမက နယ်စပ်ဖြတ်ကျော် နှစ်နိုင်ငံ ကုန်သွယ်မှုများ တိုးမြင့်လာစေရေးအတွက် လက်ရှိ အလားအလာရှိသည့် နည်းလမ်းများကို အပြည့်အ၀ အသုံးချ၍ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ သတ်မှတ်ချက်ကို ချမှတ်နိုင်ခဲ့ကြောင်း၊ ကုန်သွယ်ရေး ရည်မှန်းချက် ပြည့်မီစေရေး၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် မှောင်ခို ကုန်သွယ်မှုကို ပူးပေါင်းတားဆီး ကာကွယ်ခြင်းဖြင့် နှစ်နိုင်ငံ တရားဝင် ကုန်သွယ်မှု ပမာဏကို တိုးမြင့်လာစေရေး ပူးပေါင်း ဆောင်ရွက်ရန်တို့ကို ညှိနှိုင်း ဆွေးနွေး သဘောတူခဲ့ကြကြောင်း သိရသည်။ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများ၊ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် အခွင့်အရေးများကို နှစ်ဖက် အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ စာရင်း အချက်အလက်များ မှန်ကန် တိကျရေး၊ နယ်စပ် ကုန်သွယ်ရေး စခန်းများ အလိုက် ပို့ကုန်/သွင်းကုန် ပမာဏ ကိန်းဂဏန်း အချက်အလက်များ လစဉ် အပြန်အလှန် ညှိနှိုင်း ရယူရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း၊ လက်ရှိ ဖွင့်လှစ်ပြီးဖြစ်သော နယ်စပ်ဝင်ပေါက်/ထွက်ပေါက်များအား အဆင့်မြင့် နိုင်ငံတကာ ဝင်ပေါက် ထွက်ပေါက်များအဖြစ် တိုးမြှင့်လာစေရေးနှင့် နယ်စပ် ဝင်/ထွက်ပေါက် အသစ်များ ထပ်မံ ဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဖွင့်လှစ်ပေးရန်နှင့် နယ်စပ်ဖြတ်ကျော် ခရီးသွား အစီအစဉ် လွယ်ကူချောမွေ့စေရေး ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် ကုန်သွယ်မှု မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရန် တရားမဝင် ကုန်သွယ်ရေးကို လျှော့ချရန်နှင့် တရားမဝင် ဂိတ်များမှ တစ်ဆင့် ကုန်ပစ္စည်းများ ဝင်ရောက်နေမှုအား တားဆီး ထိန်းချုပ်ရန် လိုအပ်ကြောင်း သတ္တမအကြိမ်မြောက် မြန်မာ-ထိုင်း ကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားသည်။မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရန်အတွက် သဘောတူစာချုပ်ကို ၁၉၉၆ ခုနှစ် မတ်လတွင် ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထိုင်းနှင့် နယ်စပ်ကုန်သွယ်ရန် အတွက် မြန်မာဘက်တွင် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး/နဘုလယ်၊ မောတောင်စခန်းများကို ဖွင့်လှစ်ထားကြောင်း သိရသည်။