ပြည်တွင်းလေဆိပ် ၁၁ ခုရှိ လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ပူးမားလေကြောင်း ဝန်ဆောင်မှုကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ခြင်းအား ယခုလတွင် အပြီးဆောင်ရွက်သွားမည်

ပြည်တွင်းလေဆိပ် ၁၁ ခုရှိ လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ပူးမားလေကြောင်း ဝန်ဆောင်မှုကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ခြင်းအား ယခုလတွင် အပြီးဆောင်ရွက်သွားမည်
Published 10 July 2016
ရွှန်းလဲ့ဝင်း

ပြည်တွင်းလေဆိပ် ၁၁ ခုရှိ လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ပူးမားလေကြောင်း ဝန်ဆောင်မှုကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ခြင်းအား ယခုလတွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 
 
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ ဓနိတောနှင့် လေယာဉ်ဆီဌာနခွဲ မင်္ဂလာဒုံမှ ဝန်ထမ်း ၇၇ ဦးအား စင်ကာပူနိုင်ငံအခြေစိုက်၊ အမျိုးသားစွမ်းအင်ပူးမား၊ လေကြောင်းဝန်ဆောင်မှု ကုမ္ပဏီသို့ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁ ရက် တွင် အပြီးအပိုင် လွဲှပြောင်းပေးခဲ့ပြီး ဖြစ်သည်။
 
သို့ဖြစ်၍ ကျန်ရှိနေသည့် ပြည်တွင်းလေဆိပ် ၁၁ ခု၏ လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား ယခုလ ၃၁ ရက်မတိုင်မီ အပြီးဆောင်ရွက်သွားမည် ဖြစ်သည်။ 
 
 စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၁၅ ခုနှစ် အောက်တိုဘာက NEPAS (National Energy Puma Aviation Services) ကုမ္ပဏီနှင့် JV အဖြစ ်ပူးပေါင်းလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ NEPAS ကုမ္ပဏီသည် အစိုးရသစ် အပြောင်းအလဲ မပြုလုပ်မီအချိန်တွင်မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ယင်းအပြင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် အစိုးရဌာနများသို့ ဓာတ်ဆီနှင့် ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းအား ပြည်ပကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်သွားမည်ဖြစ်ပြီး စက်သုံးဆီအရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်၍ ပုဂ္ဂလိကနှင့် ယှဉ်ပြိုင်ရောင်းချသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး၏ ပြောကြားချက်အရ သိရသည်။
 
လက်ရှိအစိုးရမှ နိုင်ငံပိုင်အဖြစ် လုပ်ကိုင်နေသည့် အစိုးရဌာနများသို့ ဓာတ်ဆီနှင့် ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကို ပြည်ပကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ခြင်းအား ၂၀၁၆ ခုနှစ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ ဖက်စပ်ကုမ္ပဏီမှ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ကာ  ပုဂ္ဂလိက နှင့် ယှဉ်ပြိုင်ရောင်းချသွားမည် ဖြစ်သည်။