NLD ပါတီနှင့် ဝန်ကြီးချုပ်၏ အမည်အား အလွဲသုံးစားပြုကာ ပြည်သူများထံမှ ငွေကြေးလိမ်လည်ခဲ့သည့် လူမှုအထောက်အကူပြု အကျိုးဆောင် ကော်မတီဝင် ၁၁ ဦးအား ပုဒ်မ ၅၀၀ ဖြင့် အရေးယူပေးရန် မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဇူလိုင် ၈ ရက်က မြိတ်မြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့ကြောင်း သိရသည်။မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာတွင် ဖွဲ့စည်းထားသည်ဟုဆိုသော လူမှုအထောက်အကူပြု အကျိုးဆောင်ကော်မတီ (မြိတ်တောင်ကျေးရွာ) မှ ကော်မတီဝင် ၁၁ ဦးမှာ မြိတ်မြို့ ကုန်းဖောက်ရပ်နှင့် တောထွက်ကြီးရပ်တို့တွင် အိမ်ရာမြေများ ဖော်ထုတ်ပေးမည်ဟုဆိုကာ ဆင်းရဲသား ပြည်သူများ၏ ငွေကြေးများ ရယူခဲ့ကြကြောင်း သိရသည်။ ဝန်ကြီးချုပ်မှ လုပ်ပိုင်ခွင့် ချထားပေးသည်ကို မိမိတို့မှ ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်ပေးရကြောင်း၊ မြေတစ်ကွက်လျှင် ကျပ် ၈၀၀၀၀ နှုန်းဖြင့် ပေးသွင်းစေကာ ဂုဏ်ပြုလက်မှတ်တွင် ကျပ် ၅၀၀၀၀ ရေးသွင်းပြီး လက်မှတ်ပေးအပ်သည့် စနစ်ဖြင့် မြေယာမဲ့ ပြည်သူများအား ရောင်းချခဲ့ကြောင်း သိရသည်။“လက်ရှိ မြေလိမ်လည်မှုနှင့် ပတ်သက်ပြီး လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက လိုက်လံ စုံစမ်းနေခဲ့တာပါ။ စုံစမ်းရတဲ့ အကြောင်းအချက်ကလည်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ရဲ့ လမ်းညွှန်ချက် ဆိုပြီးတော့ NLD ကနေ ဆောင်ရွက်နေတဲ့ သတင်းတွေ ကြားနေရတော့ ဒါကို စုံစမ်းနေခဲ့တာပါ။ ကျွန်တော်တို့ ပါတီကလည်း တရားစွဲသင့်ရင် စွဲမယ်ဆိုပြီး ဆုံးဖြတ်ထားတယ်။ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုကို စောင့်နေပါတယ်။ တိုင်းရဲမင်းကြီး၊ သက်ဆိုင်ရာ တိုင်းထွေအုပ်တွေကိုလည်း ဝန်ကြီးချုပ်က အကြောင်းကြားထားပြီး ဖြစ်ကြောင်းလည်း ကျွန်တော်တို့ သိထားပါတယ်” ဟု မြိတ်မြို့နယ် NLD အလုပ်အမှုဆောင် ဦးမြတ်ကိုက ပြောကြားသည်။မြေယာပေးမည်ဟု လိမ်လည်နေသော အဖွဲ့ကို ဇူလိုင် ၇ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေး၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ အလယ်ကျွန်းနယ်မြေ အုပ်ချုပ်ရေးမှူးနှင့် ပါတီဝင်များက သွားရောက် ဖမ်းဆီးခဲ့ပြီး သက်သေ အထောက်အထားများ၊ မြေယာ ရောင်းချထားသည့် ငွေများ၊ ဘဏ်စာအုပ်များနှင့် စာရွက်စာတမ်း အတုများကို သိမ်းဆည်းထားပြီးဖြစ်ကြောင်း သိရသည်။ လိမ်လည် အလွဲသုံးစား ပြုသည်ဟု ဆိုသော အထောက်အကူပြု အကျိုးဆောင် ကော်မတီမှာ ဖွဲ့စည်းပုံ စာအုပ်နှင့် စာရွက်စာတမ်းများအား တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၊ တိုင်း/ခရိုင် မြို့နယ် ရဲတပ်ဖွဲ့များ၊ မြေယာစီမံခန့်ခွဲရေးနှင့် မြေစာရင်း ဦးစီးဌာန၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၊ NLD ပါတီ (တိုင်းခရိုင်၊ မြို့နယ်) စသဖြင့် နေရာဌာနပေါင်း ၂၈ ခုသို့ မိတ္တူများ ပို့ထားသည်ဟု ပြောကြားသည်။“စာအုပ်တွေ၊ စာရွက်စာတမ်းတွေ ပေးထားတယ်ဆိုတာ လုံး၀ မဟုတ်ပါဘူး။ ကျွန်တော်တို့ရုံးမှာ ဝင်စာ/ထွက်စာတွေကို အမြဲတမ်း စစ်ဆေးနေတာပါ။ အဓိက အချက်ကတော့ သူတို့ဟာ ပြည်သူတွေကို နားလှည့်ပါးရိုက် လုပ်ထားတဲ့ ပုံစံ ဖြစ်နေပါတယ်။ ကျွန်တော်တို့ အဖွဲ့ချုပ်ရုံးကလည်း ဒါတွေကို တစ်ခုမှ မသိရှိခဲ့ဘူး။ လက်ရှိ ပြည်သူတွေကို မြေတစ်ကွက် ရှစ်သောင်းနှုန်းနဲ့ ရောင်းပြီး အလှူခံ ဖြတ်ပိုင်းထဲမှာ ငါးသောင်းရေးတယ်။ ကျန်တဲ့ သုံးသောင်းကို ဖော်ပြထားခြင်း မရှိဘူး” ဟု ဦးမြတ်ကိုက ပြောကြားသည်။“NLD က အမှုဖွင့်ဖို့ လာပါတယ်။ ဖွင့်ချင်တဲ့ ရည်ရွယ်ချက်က သူတို့ရဲ့ အဖွဲ့အစည်းကို အလွဲသုံးစား လုပ်တယ်။ ရပ်ကွက်တွေမှာ လိမ်လည်ပြီး တောင်းခံတဲ့အတွက် အဖွဲ့အစည်း ဂုဏ်သိက္ခာ ကျဆင်းတယ်။ ဒီအတွက် အမှုဖွင့်တာပေါ့။ ကျွန်တော်တို့ ရဲဌာနပိုင်းကလည်း လိုအပ်တဲ့ ကူညီဆောင်ရွက်ပေးမှုတွေကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု မြိတ်မြို့မ ရဲစခန်းမှူး ဝင်းဇော်ဦးက ဆိုသည်။“ဦးအောင်သန်းဆိုတဲ့ သူရဲ့ အိမ်ကို ကျွန်မ ကိုယ်တိုင် ရောက်ခဲ့တယ်။ အဒေါ်တစ်ယောက်က လိုချင်တယ်ဆိုလို့ သွားရောက် စုံစမ်းပေးခဲ့တယ်။ မြေတစ်ကွက်ကို ကျပ်ရှစ်သောင်းနဲ့ ရမယ်။ NLD က လုပ်ပေးနေတယ်လို့ ပြောသံကြားထားတော့ ကြိုတင် စုံစမ်းထားခဲ့တယ်။ NLD ကို စုံစမ်းကြည့်တော့ မဟုတ်ဘူးလို့ သိရတယ်။ အဲဒီတော့ ဒီမြေကွက်တွေက အမည်ကို အလွဲသုံးစား လုပ်နေတယ်ဆိုတာ သေချာသွားတော့ မြေဝယ်မယ့်သူတစ်ဦး အနေနဲ့ လိုက်သွားခဲ့တယ်။ ကျွန်မလည်း အသံဖမ်းပြီး ဖိုင်တွေကို သိမ်းထားတယ်။ အဲဒီ ဖိုင်ထဲမှာ ကာချုပ်မင်းအောင်လှိုင်ရဲ့ အမည်ကိုလည်း ပြောထားတယ်။ ဒေါ်လဲ့လဲ့မော် အကြောင်းလည်း ပြောထားတယ်။ ဘယ်လိုမျိုး သူနှင့် ပတ်သက်ခဲ့ဖူးတယ် ဆိုတဲ့ အကြောင်းတွေပေါ့။ ဒီမြေကွက်ကိုလည်း အခု ပြည်သူတွေ ဆင်းရဲသားတွေကို သူချပေးတယ်လို့ ပြောတယ်။ ကျွန်မက အထောက်အထားတွေ ဘယ်လို ထုတ်ပေးမလဲလို့ မေးတော့ သူ့မှာ အထောက်အထား မရှိဘူး။ သူပေးတာက ဂုဏ်ပြုမှတ်တမ်းလွှာ တစ်ခုပဲ ဖြစ်နေတယ်။ အဘိုးဟာက သေချာလားလို့မေးတော့ ငါ ဒီလိုရွာတွေ တည်ထောင်လာတာ များနေပြီ။ ငါတို့မှာ တစ်ဖွဲ့တည်း မဟုတ်ဘူး။ သုံးဖွဲ့ ရှိတယ်လို့ ပြောတယ်” ဟု မြေယာဝယ်ရန် သွားရောက် စုံစမ်းသူ ဒေါ်သီတာမွန်က ပြောကြားသည်။လက်ရှိ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ခေါင်းဆောင်ဖြစ်သူ ဦးအောင်သန်းဆိုသူအား မြိတ်မြို့မ ရဲစခန်းမှ (ပ) ၇၂၇/၂၀၁၆၊ ပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသလို နောက်ကွယ်မှ စေခိုင်းသူများ မြိတ်ခရိုင်အတွင်း အဖွဲ့များခွဲကာ ဆောင်ရွက်နေသူများ၊ ပါဝင်ပတ်သက်သူများကို စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။“အခု ဖွင့်ထားတဲ့ အမှုက ကျွန်တော်တို့ ရဲစခန်းက ဖွင့်ထားတဲ့ အမှုပါ။ မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အလုပ် အမှုဆောင်တွေက ဇူလိုင် ၈ ရက်မှာ ကျွန်တော်တို့ဆီကို လာရောက်ပြီး တရားစွဲဆိုဖို့ကိစ္စ လာရောက် ဆွေးနွေးတယ်။ နေ့လယ်ပိုင်းကျတော့ မြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ပြီး အဖွဲ့အစည်း ဂုဏ်သိက္ခာကျဆင်းအောင် လုပ်တဲ့အတွက် ရာဇသတ်ကြီး ပုဒ်မ ၅၀၀ နှင့် တရားစွဲဆို လျှောက်ထားခဲ့တယ်” ဟု မြို့မရဲစခန်းမှူး ဝင်းဇော်ဦးက ပြောကြားသည်။
NLD ပါတီနှင့် ဝန်ကြီးချုပ် အမည်အား အလွဲသုံးစားပြုကာ ငွေကြေးလိမ်လည်ခဲ့သည့် လူမှုအထောက်အကူပြု အကျိုးဆောင် ကော်မတီဝင် ၁၁ ဦးအား ပုဒ်မ ၅၀၀ ဖြင့် အရေးယူပေးရန် မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တရားရုံးသို့ ဦးတိုက်လျှောက်ထား