အိန္ဒိယတွင် ယခုနှစ်အတွင်း ပဲတန်ချိန် သန်း ၂၀ ထွက်ရှိရန် မျှော်မှန်းထားပြီး ယခင်နှစ်ထက် ရာခိုင်နှုန်း ၂၀ ပိုမိုထွက်ရှိမည်ဖြစ်ရာ ကျန်လိုအပ်ချက်အတွက် ဈေးနှုန်းအသင့်အတင့်ဖြင့် မြန်မာအပါအဝင် ပြည်ပနိုင်ငံများမှ ဝယ်ယူမည်

အိန္ဒိယတွင် ယခုနှစ်အတွင်း ပဲတန်ချိန် သန်း ၂၀ ထွက်ရှိရန် မျှော်မှန်းထားပြီး ယခင်နှစ်ထက် ရာခိုင်နှုန်း ၂၀ ပိုမိုထွက်ရှိမည်ဖြစ်ရာ ကျန်လိုအပ်ချက်အတွက် ဈေးနှုန်းအသင့်အတင့်ဖြင့် မြန်မာအပါအဝင် ပြည်ပနိုင်ငံများမှ ဝယ်ယူမည်
Published 8 July 2016
စည်သူအောင်

ရာသီဥတုကြောင့် နှစ်နှစ်ကြာ ပဲထွက်နှုန်း လျော့နည်းခဲ့သော အိန္ဒိယနိုင်ငံတွင် ယခုနှစ်အတွင်း ပဲတန်ချိန် သန်း ၂၀ ထွက်ရှိရန် မျှော်မှန်းထားပြီး ယခင်နှစ်ကထက် ရာခိုင် နှုန်း ၂၀ ပိုမိုထွက်ရှိမည်ဖြစ်ရာ ကျန်ပဲလိုအပ်ချက်အတွက် ဈေးနှုန်းအသင့်အတင့်ဖြင့်သာ မြန်မာအပါအဝင် ပြည်ပနိုင်ငံများမှ ဝယ်ယူမည်ဖြစ်ကြောင်း အိန္ဒိယ စားနပ်ရိက္ခာနှင့် စားသုံးသူရေးရာဝန်ကြီး Ram Vilas Paswan ၏ ပြောကြားချက်ကို ကိုးကားပြီး Business Standard သတင်းဌာနက ဖော်ပြခဲ့သည်။
ပဲပိုမိုထွက်ရှိမှုကြောင့် အိန္ဒိယနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်း မြင့်တက်မှု အခက်အခဲကို လျော့ကျစေမည်ဖြစ်ပြီး ပဲလိုအပ်ချက်အတွက် သင့်တင့်သော ဈေးနှုန်းများဖြင့် ပြည်ပနိုင်ငံများမှ ဝယ်ယူနိုင်ရန် အတွက်လည်း အထောက်အကူ ဖြစ်စေနိုင်မည်ဟု အိန္ဒိယအစိုးရက မျှော်မှန်းထားသည်။
ပဲပိုမို ထွက်ရှိသော်လည်း အိန္ဒိယနိုင်ငံ၏ ၂၀၁၆ ခုနှစ်အတွက် ပဲလိုအပ်ချက်မှာ တန်ချိန် ၂၄ သန်းရှိပြီး လိုအပ်ချက် ဖြစ်ပေါ်နေသည့် တန်ချိန်လေးသန်းကို ပြည်ပနိုင်ငံများမှ တင်သွင်းရမည်ဖြစ်သည်။ အိန္ဒိယအစိုးရက လတ်တလော မိုဇမ်ဘစ်နိုင်ငံမှ တန်ချိန်နှစ်သိန်းနှင့် မြန်မာနိုင်ငံမှ တန်ချိန်နှစ်သိန်း တင်သွင်းရန် လျာထားသည်။
လက်ရှိ ၂၀၁၆ ခုနှစ်အတွင်း စာနပ်ရိက္ခာ ဖူလုံစေရန်အတွက် အိန္ဒိယက အစိုးရ အစီအစဉ်ဖြင့် ပဲတန်ချိန် ရှစ်သိန်းခန့်အထိ သိုလှောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပဲများဝယ်ယူရန် နှစ်နိုင်ငံ အစိုးရအကြား သဘောတူညီမှုစာချုပ် ချုပ်ဆိုမည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဈေးကွက်အတွင်း ပဲဈေးနှုန်းများ မြင့်တက်နေပြီး အိန္ဒိယနိုင်ငံအတွက် လိုအပ်လျက်ရှိသော စားနပ်ရိက္ခာ ဖူလုံရေးအတွက် သိုလှောင်မည့် ပဲပမာဏ ပြည့်မီစေရန် မြန်မာနိုင်ငံမှ အစိုးရချင်း သဘောတူညီမှုဖြင့် ပဲဝယ်ယူမည့်အပြင် အခြားနိုင်ငံများမှလည်း တင်သွင်းသွားမည် ဖြစ်သည်ဟု အိန္ဒိယစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Nirmala Sithraman က ပြောကြားသည်။
“အိန္ဒိယအစိုးရအနေနဲ့ ပဲတန်ချိန် တစ်သိန်း စတင်သိုလှောင်သွားမှာဖြစ်ပြီး လယ်သမားတွေဆီကရော မြန်မာနိုင်ငံကပါ တင်သွင်းပြီး သိုလှောင်သွားမှာပါ။ ရည်မှန်းသိုလှောင်မှု ပမာဏကို ချက်ချင်းဝယ်ယူသွားမှာ မဟုတ်ပေမယ့် ပုံမှန်ဝယ်ယူပြီး သိုလှောင်မှုကို တိုးမြှင့်သွားမှာပါ” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံမှ ပဲများဝယ်ယူရန်အတွက် နှစ်နိုင်ငံ အစိုးရအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေရာ မကြာမီ သဘောတူညီမှု လက်မှတ်ရေးထိုး နိုင်တော့မည်ဟု Nirmala Sithraman က ပြောကြားသည်။
“အစိုးရချင်း သဘောတူညီမှုနဲ့ ပဲတင်သွင်းမယ် ဆိုပေမယ့် ပုဂ္ဂလိက ကုမ္ပဏီတွေ၊ ကုန်သည်တွေကို ကန့်သတ်ချက်တွေ မထားပါဘူး။ လွတ်လွတ်လပ်လပ် တင်သွင်းနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်က ကံဆိုးပြီး ပဲဈေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့တာကြောင့် ဒီနှစ်မှာ ဈေးနှုန်းတွေ သင့်တင့်မျှတ စေချင်တယ်” ဟု ၎င်းက ပြောကြားသည်။
အိန္ဒိယနိုင်ငံတွင် ရာသီဥတု ဆိုးရွားမှုများကြောင့် ယခင်နှစ်များက တန်ချိန် ၁၇ သန်းဝန်းကျင်သာ ထွက်ရှိသော်လည်း ၂၀၁၆  ခုနှစ်တွင် ပဲတန်ချိန် သန်း ၂၀ ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားသည်။ နိုင်ငံအတွင်း ပဲစားသုံးမှု ပမာဏမှာ တန်ချိန် ၂၄ သန်းရှိပြီး ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံမှုရှိစေရန်အတွက် အခြားနိုင်ငံများမှ ပဲများကို နှစ်စဉ်တင်သွင်း နေရခြင်းဖြစ်သည်။