ပြည်ပထုတ် အထူးကုန်စည်များ ဖြစ်သည့် အရက်၊ ဘီယာ၊ စီးကရက်များကို အခွန်လွတ် အရောင်းဆိုင်များ၌သာ အခွန်တံဆိပ်ကပ် ရောင်းခွင့်ပြုထားပြီး အဆိုပါ အထူးကုန်စည်များသည် ပြန်လည်ရောင်းချခွင့် မရှိကြောင်းနှင့် စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်

ပြည်ပထုတ် အထူးကုန်စည်များ ဖြစ်သည့် အရက်၊ ဘီယာ၊ စီးကရက်များကို အခွန်လွတ် အရောင်းဆိုင်များ၌သာ အခွန်တံဆိပ်ကပ် ရောင်းခွင့်ပြုထားပြီး အဆိုပါ အထူးကုန်စည်များသည် ပြန်လည်ရောင်းချခွင့် မရှိကြောင်းနှင့် စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်
Published 8 July 2016
ဖြိုးဝေ

ပြည်ပထုတ် အရက်၊ ဘီယာ၊ စီးကရက်များကို အခွန်လွတ် အရောင်းဆိုင် (Duty Free) များကိုသာ Duty Free ဖြစ်ကြောင်း အခွန်တံဆိပ်ကပ် ရောင်းချစေပြီး အဆိုပါ အထူးကုန်စည်များကို ပြန်လည်ရောင်းချခွင့် မရှိကြောင်းနှင့် စစ်ဆေးတွေ့ရှိပါက တည်ဆဲ ဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ဇူလိုင် ၈ ရက်တွင် သတင်းထုတ်ပြန်သည်။
၂၀၁၆ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၁) ဖြင့် ပြဋ္ဌာန်းခဲ့သည့် အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၃၆(ခ)အရ ပြည်တွင်းထုတ် အရက်၊ ဝိုင်၊ စီးကရက်အမျိုးမျိုး၊ (ဘီယာမပါ) စသည့် အထူးကုန်စည်များအား အခွန်ထမ်းဆောင်ပြီးသည့် ကုန်စည်ဖြစ်ကြောင်း အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချခွင့် ပြုထားကြောင်း သိရသည်။
အဆိုပါ အထူးကုန်စည်များအနက် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ နိုင်ငံခြားဖြစ် ဝိုင်အမျိုးမျိုးကိုသာ တရားဝင် တင်သွင်းခွင့်ပြု၍ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချခွင့် ပြုထားပြီး အခွန်လွတ် အရောင်းဆိုင်များ (Duty Free Shop) တွင် ရောင်းချရန် တင်သွင်းသည့် အရက်အမျိုးမျိုးအတွက် Duty Free ဖြစ်ကြောင်း အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေကာ အဆိုပါ အခွန်လွတ်အရောင်းဆိုင်မှ ဝယ်ယူသော အထူးကုန်စည်သည် ဝယ်ယူသူကိုယ်တိုင် သုံးစွဲရန် အတွက်သာဖြစ်ပြီး ပြန်လည်ရောင်းချခွင့် မရှိကြာင်းနှင့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော ပြည်တွင်းထုတ် အထူးကုန်စည်များ ဖြစ်သည့် အရက်၊ ဝိုင်၊ စီးကရက်အမျိုးမျိုး၊ နိုင်ငံခြားဖြစ်ဝိုင် အမျိုးမျိုးနှင့် တင်သွင်းခွင့် မပြုထားသော အရက်၊ ဘီယာ၊ စီးကရက် စသည့် ပြည်ပထုတ် အထူးကုန်စည်များကို နိုင်ငံတစ်ဝန်းအတွင်း သယ်ဆောင်၊ ရောင်းဝယ်၊ သိုလှောင်ထားရှိကြောင်း စစ်ဆေးတွေ့ရှိရပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စီးကရက်၊ အရက်၊ ဘီယာ၊ ဝိုင်နှင့် အဖိုးတန် ကျောက်မျက်ရတနာများ အပါအဝင် အထူးကုန်စည်များကို ပြည်ပမှ တင်သွင်းခြင်း၊ တင်ပို့ခြင်းနှင့် ပြည်တွင်း၌ ထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် လုပ်ငန်းရှင် မှတ်ပုံတင်စာရင်းကို ယခုလအတွင်း ရေးသွင်းမှတ်တမ်း တင်ရန်လိုအပ်ပြီး ပျက်ကွက်ပါက အထူးကုန်စည်ခွန် ဥပဒေအရ ဒဏ်ငွေ ကျပ်သိန်း ၅၀ တပ်ရိုက်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးက ထုတ်ပြန်ထားသည်။
ကျသင့် အထူးကုန်စည်ခွန်ကို သတ်မှတ်ရက်များအတွင်း ပေးဆောင်ရမည်ဖြစ်ပြီး ပြည်ပမှ တင်သွင်းခြင်း ဖြစ်ပါက ကုန်စည်ကို ရွေးယူခြင်းမပြုမီ ကျသင့်အကောက်ခွန်နှင့်အတူ ပေးဆောင်ရမည်ဖြစ်ကာ ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်း ဖြစ်ပါက ရောင်းချသည့်လ ကုန်ဆုံးပြီး ၁၀ ရက်အတွင်း ပေးဆောင်ရမည်ဖြစ်သည်။ ကျသင့်အခွန် ထမ်းဆောင်ထားခြင်း မရှိသည့် အထူးကုန်စည်ကို လက်ဝယ်တွင် စိစစ်တွေ့ရှိရပါက စိစစ်တွေ့ရှိသည့် အထူးကုန်စည်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူ၍ အထူးကုန်စည်တန်ဖိုးကို  ဒဏ်ငွေအဖြစ် ပေးဆောင်ရမည်ဖြစ်ကာ စိစစ်တွေ့ရှိရသည့် ကုန်စည်သည် ပြည်တွင်း၌ ထုတ်လုပ်သည့် အထူးကုန်စည်ဖြစ်ပါက အဆိုပါ အထူးကုန်စည် ထုတ်လုပ်ရောင်းချသူမှ အထူးကုန်စည်တန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမည်ဖြစ်သည်။
ကျသင့်အခွန် ပေးဆောင်ထားခြင်း မရှိသည့် အထူးကုန်စည်ကို ဖမ်းဆီးရရှိပါက ဖော်ထုတ်ဖမ်းဆီးသည့် အဖွဲ့အား တပ်ရိုက်၍ ရရှိသည့်ဒဏ်ငွေ၏ ရာခိုင်နှုန်း ၂၀ ကို ဆု ငွေအဖြစ် ချီးမြှင့်မည်ဖြစ်ကာ သတင်းပေးပို့သူကို တပ်ရိုက်၍ ရရှိသည့် ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်းအား ဆုငွေအဖြစ် ချီးမြှင့်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျကြည်ညွန့်က ပြောကြားသည်။