အုတ်တွင်းမြို့တွင် အသက် ၂၀ နှစ်အောက် ဘောလုံးပြိုင်ပွဲ ကျင်းပနေစဉ် နှစ်ဖက် အသင်းသားများ ရန်ဖြစ်ကြရာမှ ကစားသမားတစ်ဦး သေဆုံး

အုတ်တွင်းမြို့တွင် အသက် ၂၀ နှစ်အောက် ဘောလုံးပြိုင်ပွဲ ကျင်းပနေစဉ် နှစ်ဖက် အသင်းသားများ ရန်ဖြစ်ကြရာမှ ကစားသမားတစ်ဦး သေဆုံး
Published 6 July 2016
ဇော်ဝင်းချစ် (တောင်ငူ)

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် မြို့မဘောလုံးကွင်းတွင် ဇူလိုင် ၅ ရက် ညနေပိုင်းက တောင်ငူခရိုင် အား/ကာ မှ ဦးစီး ကျင်းပသည့် အသက် ၂၀ နှစ်အောက် ဘောလုံးပွဲ ကျင်းပနေစဉ် နှစ်ဖက် အသင်းသားများ ခိုက်ရန် ဖြစ်ပွားခဲ့ကြပြီး ဝဲဒေါင့်ကျေးရွာ အုပ်စုအသင်းမှ ဘောလုံးသမားတစ်ဦး ဇူလိုင် ၆ ရက် နံနက် ၄ နာရီခန့်တွင် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။“ဘောလုံးကန်တာက အုတ်တွင်းမြို့မ အားကစားကွင်းမှာ ကန်တာ။ နိုင်ငံတော်က နေပြီးတော့ ရန်ပုံငွေနဲ့ ချပေးတဲ့ အား/ကာ ကနေ ကြီးမှူးကျင်းပတဲ့ အသက် ၂၀ နှစ်အောက် ဘောလုံးပြိုင်ပွဲပေါ့။ ပထမပိုင်းမှာ တစ်ခါ ပြဿနာ ဖြစ်သေးတယ်ဗျ။ ပထမပိုင်း ဖြစ်ပြီးတော့ ကလေးတွေက မကန်ရဲတော့ဘူး။ မကန်တော့ဘူး။ ကျွန်တော်တို့ အရှုံးပေးတယ် ဆိုတဲ့ဟာကို ခရိုင် အား/ကာရော၊ ကြီးတဲ့ လူတွေကပေါ့ ဘာမှ မဖြစ်စေရပါဘူး။ အာမခံပါတယ် ဆိုပြီးတော့ သူတို့ ထပ်ကန်ခိုင်းတာ။ အဲဒီ ပထမပိုင်းပြီးတဲ့ အထိတော့ ဘာမှ မဖြစ်လိုက်ဘူး။ ဒုတိယပိုင်း ပြန်စပြီးတော့ ၁၅ မိနစ်လောက်ပဲ ကန်ရသေးတယ်။ အဲဒီမှာ တစ်ဖက်နဲ့ တစ်ဖက် နည်းနည်း ခိုက်မိတာပေါ့။ ခိုက်မိတော့ မဲကုန်းအသင်းကနေပြီး ဘောလုံးသမား အချင်းချင်းပဲ လိုက်ထိုးတာ ကျွန်တော်တို့ ကလေးတွေက ထွက်ပြေးတယ်။ ထွက်ပြေးတော့ အခု သေသွားတဲ့ ကောင်လေးက ချော်လဲပြီးတော့ ကျန်နေခဲ့တာ။ လဲနေခဲ့တော့ ဟိုဘက်က ၁၁ ယောက်ကြားထဲမှာ သူက တစ်ယောက်တည်းဆိုတော့ ဘောလုံးကန် ဖိနပ်တွေနဲ့ ဝိုင်းပြီး ကန်ပစ်လိုက်တာ။ အဲဒီလို ကန်လိုက်တော့ ညက ဆေးရုံပို့တာ နေပြည်တော်အထိ ရောက်တယ်။ နေပြည်တော်မှာ မနက် လေးနာရီခွဲမှာ ဆုံးသွားတာပါ။ လုပ်တာက မဲကုန်းက ဘောလုံးသမားတွေပေါ့ဗျာ။ ပထမ စလုပ်တုန်းကတော့ နံပါတ် ၁၀ နဲ့ နှစ်ယောက်က စလိုက်တာ။ ဆုံးသွားတဲ့ ကလေးက ဒီနှစ်မှ ၁၀ တန်းအောင်တာပါ။ အမှုကတော့ ရဲစခန်းက ပြောတာတော့ ဘောလုံးကွင်းထဲမှာ ဖြစ်တဲ့အတွက် မြို့နယ် အား/ကာကနေပြီးတော့ ဖွင့်ရမယ်လို့ ပြောတယ်။ သူတို့ဖွင့်ရင် ကျွန်တော်တို့ဆီက ကာယကံရှင်တွေလည်း ဖွင့်မယ်” ဟု ဝဲဒေါင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။အဆိုပါ ခိုက်ရန်ဖြစ်ပွားခဲ့သည့် ဘောလုံးပွဲစဉ်မှာ ဇူလိုင် ၅ ရက် ညနေ ၃ နာရီက အုတ်တွင်းမြို့နယ် မဲကုန်းရပ်ကွက် အသင်းနှင့် ဝဲဒေါင့်ကျေးရွာအုပ်စု အသင်းတို့ အုတ်တွင်းမြို့မ အားကစားကွင်းအတွင်း အသက် ၂၀ နှစ်အောက် အုပ်စုပွဲစဉ် ယှဉ်ပြိုင်ကစားစဉ် ခိုက်ရန်ဖြစ်ပွားခဲ့ကြခြင်းဖြစ်ပြီး ရန်ပွဲကြောင့် သေဆုံးသွားသူမှာ ဝဲဒေါင့်ကျေးရွာ အုပ်စုအသင်းမှ ကျောနံပါတ်-၉ ညီညီလင်းအောင် (၁၆ နှစ်) (ဘ) ဦးစိန်ဝင်း တောပုကျေးရွာနေသူဖြစ်ပြီး ယခုနှစ်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူဖြစ်ကြောင်း သိရသည်။“ဒီမှာလည်း အစည်းအဝေး ထိုင်နေပါတယ်။ စည်းကမ်းထိန်းသိမ်းရေးရော၊ ပြိုင်ပွဲကျင်းပရေး ကော်မတီတွေရော စိစစ်ပြီးတော့ အစည်းအဝေးမှာ ဆုံးဖြတ်မှာပါ။ အမှုတော့ ဖွင့်ထားပြီးပါပြီ။ ရဲကနေပြီးတော့မှ ပုဒ်မတွေ သူတို့ ပြန်ရှာနေပြီးတော့ ဖွင့်ပါတယ်။ နေပြည်တော်ကလာတဲ့ ဆေးမှတ်တမ်းတွေ အပေါ်မှာလည်း မူတည်နေပါတယ်။ ဆေးစာက နေပြည်တော်မှာပဲ ရှိသေးတယ်၊။ ကျွန်တော်တို့ အား/ကာမှ ကော်မတီတွေက ဆုံးဖြတ်ပြီးတော့ Report အပေါ်မှာ လုပ်ဖို့ ရှိပါတယ်။ ဒီလို စာရိတ္တမကောင်းတဲ့၊ ခိုက်ရန်ဒေါသ ဖြစ်ပွားမယ်ဆိုရင် ဘယ်နှနှစ် ပယ်တယ်။ ဒါမှ မဟုတ်လို့ ရှိရင် ရာသက်ပန် ပယ်တယ်ဆိုတဲ့ ဟာကို ကော်မတီက ဝိုင်းဝန်းပြီးတော့ ဆုံးဖြတ်မှာပါ။ အခုတော့ မဆုံးဖြတ်ရသေးဘူး” ဟု တောင်ငူခရိုင် အား/ကာ ဦးစီးမှူး ဦးသူရိန်ထွန်းက ဇူလိုင် ၆ ရက် နေ့လယ်ပိုင်းက ပြောကြားသည်။“အဲဒါက ဆောင်ရွက်နေဆဲပါ။ အခုမှ အဲဒါတွေကို စိစစ်နေတုန်းပါ။ အမှုက အခုမှ အဲဒါလုပ်နေလို့ ပြီးရင်ပြန်ပြီး အကြောင်းကြားပေးပါမယ်” ဟု အုတ်တွင်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ဇူလိုင် ၆ ရက် နေ့လယ်ပိုင်းက ပြောကြားသည်။