ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့တွင် ဇွန် ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဂိုဒေါင်တစ်ခု၏ ထုတ်တန်းမှ အင်္ကျီမပါ ကိုယ်လုံးတီးဖြင့် လူတစ်ဦး တွဲလောင်း အနေအထားဖြစ်ကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၃၀ ရက် မွန်းလွဲ ၂ နာရီ ခွဲခန့်တွင် ပဲနွယ်ကုန်းနယ်မြေ အပိုင်ရဲစခန်းမှ အနောက်မြောက်ဘက် ငါးဖာလုံခန့်အကွာ တပင်ရွှေထီး မြောက် ရပ်ကွက် ပဲနွယ်ကုန်းမြို့ ဘောဂဗလ ဆန်စက်ဝင်း အပ်ချုပ်စက် သင်တန်းဆရာမများ နေထိုင်သည့် ဂိုဒေါင်များ ပိုင်ရှင်ဖြစ်သူ ဦးအောင်သိုက်စိုး ၄၉ နှစ်(ဘ) ဦးဟန်တင်မှ ဂိုဒေါင်ထုတ်တန်းတွင် လူတစ်ဦး တွဲလောင်းဖြစ်နေကြောင်း အကြောင်းကြားလာသဖြင့် ပဲနွယ်ကုန်း ရဲစခန်းမှူး ရဲအုပ်ဝင်းနိုင်နှင့် အဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေး ပေါ်ပေါက်ချက်အရ ဂိုဒေါင်ထုတ်တန်းမှ တွဲလောင်းအနေအထာ ရှိကာ အင်္ကျီမပါ ကိုယ်လုံးတီးဖြင့် သေဆုံးနေသူမှာ ထွန်းထွန်း ၃၅ နှစ် (ဘ) ဦးသောင်းငွေ၊ တပင်ရွှေထီး မြောက် ရပ်ကွက် ပဲနွယ်ကုန်းမြို့ နေသူဖြစ်ကြောင်း သိရသည်။ ကိုယ်လုံးတီးဖြင့် သေဆုံးနေသူ ထွန်းထွန်းမှာ ဂိုဒေါင်နံရံ အုတ်အကာမှ တစ်ဆင့် ထရံကာထုတ်တန်းပေါ်နင်းလျက် ခြေဖျားမှာ မြေပြင်မှ အမြင့် ရှစ်ပေခန့်အကွာ ဦးခေါင်းမှာ ဂိုဒေါင်အမိုးမှ သွပ်နှင့်ထိ၍ မေးစေ့မှာ (၄ ထ ၂) လက်မရှိ သစ်သားတန်းနှင့် ထိလျက် လည်ပင်းတွင် ပွန်းခြစ် ဒဏ်ရာနှစ်ခုနှင့် အင်္ကျီမပါ ပုဆိုးကျွတ်နေကာ ဂိုဒေါင်အတွင်းသို့ ချောင်းကြည့်နေသည့် အနေအထားအတိုင်း သေဆုံးနေခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လူသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနိုင်ရန် ပဲနွယ်ကုန်း စခန်းမှူး ရဲအုပ်ဝင်းနိုင်မှ သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၆) အရ တရားလိုပြုလုပ် အမှုဖွင့် ဆောင်ရွက်လျက်ရှိပြီး သေဆုံးသူ ထွန်းထွန်း၏ အလောင်းအား ပဲနွယ်ကုန်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပဲနွယ်ကုန်းမြို့တွင် လူတစ်ဦး ဂိုဒေါင်ထုတ်တန်းမှ တွဲလောင်း အနေအထားဖြင့် သေဆုံး
တွဲလောင်း အနေအထားဖြင့် သေဆုံးနေသည့် အမျိုးသားအား တွေ့ရစဉ်