နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများတွင် ဖောက်ထွင်း ခိုးယူခံရမှုများ ရှိနေသဖြင့် လုံခြုံရေး တိုးမြှင့်ပေးရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌအား တင်ပြတောင်းဆို

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများတွင် ဖောက်ထွင်း ခိုးယူခံရမှုများ ရှိနေသဖြင့် လုံခြုံရေး တိုးမြှင့်ပေးရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌအား တင်ပြတောင်းဆို
Published 25 June 2016
ကျော်မျိုး

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများတွင် ဖောက်ထွင်း ခိုးယူခံရမှုများ ရှိနေသဖြင့် လုံခြုံရေး တိုးမြှင့်ပေးပါရန် ဝန်ထမ်းများ မြို့မိမြို့ဖများက နေပြည်တော်ကောင်စီဥက္ကဋ္ဌအား တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဇမ္ဗူသီရိမြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နှင့် ကျေးရွာကိုယ်စားလှယ်များ ဇွန် ၂၄ ရက်က တွေ့ဆုံခဲ့ရာတွင် အထက်ပါအတိုင်း တင်ပြခဲ့ခြင်းဖြစ်သည်။
 
နေပြည်တော် ပညာသိဒ္ဓိရပ်ကွက် ခရေအိမ်ရာနေ ကိုရန်နိုင်လင်းက “ကျွန်တော်တို့ ဝန်ထမ်းအိမ်ရာ အောက်ထပ်အခန်းတွေမှာ သံပန်းရှိပေမယ့် ချိတ်တွေနဲ့နှိုက်ပြီးခိုးလို့ လုံခြုံမှု မရှိပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင် ဒီတိုက်မှာ နေပေမယ့် သူခိုးလုပ်သူက ဝန်ထမ်းတွေ မရှိတာသိလို့ ဝင်လာတယ်။ ဝင်လာပြီးတော့ ကိုယ့်ကိုတောင် နှုတ်ဆက်ပြီး အပေါ်ထပ် တက်သွားတယ်။ ပြန်တော့လည်း နှုတ်ဆက်သွားတယ်။ ဘယ်အခန်းကမှန်းလည်း မသိဘူး။ ဌာနဆိုင်ရာတွေ ပေါင်းနေတာဖြစ်လို့ လူပေါင်းစုံကို မသိနိုင်ဘူး။ အဲဒီမှာနှုတ်ဆက်ပြီးမှ ပစ္စည်းကို ခိုးသွားတယ်။  ညနေ ဝန်ထမ်းတွေ ပြန်လာတော့မှ ကျွန်မအခန်း အဖောက်ခံရတယ်ဆိုတော့ ဘာမှလုပ်လို့ မရတော့ပါဘူး။ လုံခြုံရေးအင်အားကလည်း နည်းတာဖြစ်ပါတယ်”ဟု တင်ပြပြောကြားသည်။
 
ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မောင်အေးက “ကျွန်တော်တို့ ရပ်ကွက်တွေမှာ ရဲအင်အား နည်းပါတယ်။ မြို့နယ်က အင်အားဖြည့်ပြီးတော့ အပြင်စည်း လုံခြုံရေးတွေ ဆောင်ရွက်နေပါတယ်။ အခုတစ်လောမှာ ဆိုင်ကယ်တွေ ပျောက်ပါတယ်။ ဒါဟာ အတွင်းစည်း လုံခြုံရေး အားနည်းနေတယ်လို့ စစ်ဆေးတွေ့ရှိပါတယ်။ ကျွန်တော် အကြံပြု တင်ပြချင်တာက ဌာနဆိုင်ရာ ဝန်ထမ်းများ နေထိုင်တဲ့ တိုက်တွေမှာ ဌာနဆိုင်ရာ ဘတ်ဂျက်နဲ့ ဝင်းခြံတွေ ခတ်ပေးနိုင်မယ်ဆိုရင် အတွင်းစည်းလုံခြုံရေးလေး အားရှိလာပါလိမ့်မယ်။ တိုက်ကြီးတစ်ခုလုံး မခတ်နိုင်ရင်တောင်မှ ဆိုင်ကယ်လေးတွေထားတဲ့ ပေါ်တီကိုလေးကို ခတ်ပေးနိုင်ရင် နည်းနည်းလေး စိတ်ချရပါတယ်”ဟု နေပြည်တော်ကောင်စီဥက္ကဋ္ဌအား တင်ပြပြောကြားသည်။
 
ထို့ပြင် ပညာ့သိဒ္ဓိရပ်ကွက် သစ္စာလမ်းနေ ဝန်ထမ်းတစ်ဦးကလည်း  ၎င်းတို့နေရာလမ်းတွင် ဝန်ကြီးဌာန လေးခုခန့်မှ တိုက်အလုံး ၂၀ ခန့် ရှိသော်လည်း ကားပါကင် လုံလောက်စွာ မရှိမှုကြောင့် ရုံးတက်ချိန်တွင် လမ်းပိတ်ဆို့မှု ဖြစ်ပွားနေခြင်းကို စီမံပေးပါရန် တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။