မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းဝင်း နှစ်ခုအတွင်း ထားရှိထားသော လိုင်စင်မဲ့ မော်တော်ယာဉ် ၃၆ စီးကို ဇွန် ၂၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
သတင်းပေး တိုင်ကြားချက်အရ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ နံနက် ၈ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည် တောင်ရပ်ကွက်၊ အကွက် (၉၀၂)၊ ၇၈ လမ်း၊ စစ်ကိုင်းလမ်းခွဲနှင့် ပညာပျိုးခင်း လမ်းကြား၊ အောင်မြေရွှေဘုံ ကျောင်းတိုက်ရှိ သာသနာဗိမာန်ကျောင်းဝင်း အတွင်းသို့ လုံခြုံရေးရယူကာ မြို့နယ်သံဃနာယကအဖွဲ့ အပါအဝင် ဝင်ရောက်ရှာဖွေခဲ့ရာ လိုင်စင်မဲ့ မော်တော်ယာဉ် ၂၇ စီးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်များနှင့် အတူ ၂၃ လမ်း၊ ၈၃ လမ်းနှင့် ၈၄ လမ်းကြား နေထိုင်သည့် ကိုနိုင် (ခ) အောင်နိုင်စိုး (၄၇ နှစ်) နှင့် မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်စဉ် ရပ်ကွက်တွင် နေထိုင်သည့် ရဲမင်းထက် (၂၁ နှစ်) တို့ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီးရမိသူ နှစ်ဦးအား ကနဦး စစ်ဆေးမှုအရ နောက်ထပ် လိုင်စင်မဲ့ယာဉ်များ ထားရှိသည့် ဘုန်းကြီးကျောင်းဝင်းတစ်ခု အတွင်းမှ ကိုးစီးထပ်မ ံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ၃၆ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"ပထမဦးဆုံး လိုင်စင်မဲ့ယာဉ် ၂၇ စီး မိပါတယ်။ နောက်ထပ်ကတော့ လေယာဉ်ကွင်းဟောင်းနားက သာသနာရံသီ အတုလကာရီ ကျောင်းတိုက်ထဲမှာ ကိုးစီး ထပ်မိတဲ့အတွက် စုစုပေါင်း ၃၆ စီးရှိပါပြီ။ လောလောဆယ်တော့ ရဲလုပ်ငန်းစဉ်ဖြစ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတုန်းပါ။ အမျိုးသား နှစ်ဦးကို ဖမ်းမိထားပြီး နောက်ထပ်ကွင်းဆက် တရားခံတွေရယ် ကားတွေ ထပ်သိမ်းနိုင်ဖို့ နယ်စပ်တွေမှာပါ ဖမ်းမိဖို့ လုပ်နေပါတယ်။ ပုဒ်မကတော့ ပို့ကုန် သွင်းကုန် ပုဒ်မ ၈ နဲ့ပဲ ဖွင့်မှာပါ။ အခုထိတော့ အမှုမဖွင့်နိုင်သေးဘူး" ဟု အမှတ် (၁၁) ရဲစခန်းမှူး ရဲအုပ်ဝင်းဗိုလ်က ရှင်းပြသည်။
"သတင်းပေးတိုင်ချက်အရ ဖမ်းမိခဲ့တာဖြစ်ပြီး ကားအမျိုးအစားတွေကတော့ စိစစ်တုန်းပဲ။ ဆလွန်းကားနဲ့ ပစ်ကပ်ကားတွေ အများဆုံးပါတယ်။ အသေးစိတ်ကတော့ အားလုံးစစ်ဆေး ဆောင်ရွက်ပြီးမှ ထုတ်ပြန်နိုင်ပါမယ်" ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး စိန်ထွန်းက ဆိုသည်။
မန္တလေးမြို့တွင် ရက် ၁၀၀ စီမံချက်အရ မှုခင်းကျဆင်းရေးအပြင် မူးယစ်ဆေးဝါးများကိုလည်း ရတနာပုံစီမံချက် (၃) အဖြစ် စီမံချက်ချ ဖမ်းဆီးနေပြီး ယခင်စီမံချက်များထက် အချိန်ကာလ ပိုမိုသတ်မှတ်ထားကြောင်း သိရသည်။
မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွင်လည်း လုံလောက်သည့် ဖမ်းဆီးမှု မရပါက သက်ဆိုင်ရာ တာဝန်ရှိ ရဲအရာရှိများကိုပါ အရေးယူသွားမည်ဟု မူးယစ်တပ်ဖွဲ့မှ ပြောကြားချက်အရ သိရသည်။
ထို့ပြင် ယခုအကြိမ် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှု အရေအတွက်မှာ အများဆုံးဖြစ်ပြီး သတင်းပေး တိုင်ကြားမှုကြောင့် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် ဘုန်းကြီးကျောင်းဝင်းနှစ်ခု အတွင်းမှ လိုင်စင်မဲ့ယာဉ် ၃၆ စီး ဖမ်းဆီးရမိ
Most Read
Most Recent
3 hours ago
4 hours ago
4 hours ago
4 hours ago
4 hours ago
4 hours ago