ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းနှင့် သာကေတမြို့နယ် NLD ပါတီဝင်အချို့ ဓားဖြင့် တိုက်ခိုက်ခံရသည့်အမှုမှ စွပ်စွဲခံရသူများဖြစ်သည့် ဇော်လတ် အပါအဝင် သုံးဦးအား ဇွန် ၁၅ ရက်တွင် သာကေတမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး ကိုဇော်လတ်(ခ) အောင်ဇော်လတ်၊ ကိုထက်ကို (ခ) ထက်အောင်လှိုင်နှင့် ကိုမျိုးမင်းခိုင်တို့အား ပြစ်မှု ပုဒ်မ ၃၂၆၊ ပုဒ်မ ၃၂၃၊ ပုဒ်မ ၂၉၄ တို့ဖြင့် စွဲချက်တင်ကြောင်း မြို့နယ်တရားသူကြီးက အမိန့်ချခဲ့သည်။
“ဒီနေ့ ကိုဇော်လတ်ပါ သုံးဦးကို ပုဒ်မ ၃၂၆၊ ပုဒ်မ ၃၂၃၊ ပုဒ်မ၂၉၄ တို့နဲ့ စွဲချက်တင် အမိန့်ချမှတ်ခဲ့ပါတယ်။ ပုဒ်မ- ၃၂၆ ချွန်ထက်သော အရာဝတ္ထုဖြင့် ပြင်းထန်စွာ ဒဏ်ရာရှိစေမှု၊ ပုဒ်မ- ၃၂၃ က တုံးသော လက်နက်ဖြင့် သာမန်ဒဏ်ရာရစေမှု၊ ပုဒ်မ ၂၉၄ ဆဲဆိုမှုတို့ ဖြစ်ပါတယ်။ လာမယ့်ရုံးချိန်းမှာ ပြန်ခေါ် သက်သေတွေကို စစ်ဆေးမှာဖြစ်ပါတယ်”ဟု တရားလို၏ ရှေ့နေ ဦးကျော်လှက ဇွန် ၁၅ ရက်တွင် ပြောကြားသည်။
ထိုသို့ စွဲချက်တင်ခံရသူ သုံးဦးအနက် ကိုဇော်လတ် (ခ) အောင်ဇော်လတ်ကို လက်နက်ဥပဒေ ပုဒ်မ ၁၉ (င) ဖြင့် ထပ်တိုး တရားစွဲထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် သာကေတမြို့နယ် NLD ပါတီဝင်များသည် မော်တော်ယာဉ်များဖြင့် ပါတီစည်းရုံးရေး ဆောင်ရွက်၍ ပြန်လာစဉ် မာန်ပြေ (၈) လမ်းထိပ်အရောက်တွင် မဲဆွယ်စည်းရုံးရာ၌ လိုက်ပါခဲ့သည့် ကိုလှဝင်းနှင့် ကိုမြင့်စိုးတို့မှ ကွမ်းယာ ဝင်ဝယ်သည့်အခါ ကိုဇော်လတ် ရောက်ရှိလာပြီး ၎င်းအား ဦးစွာ ကွမ်းယာထုပ်ပေးရန် ပြောဆိုရာမှ ၎င်းတို့ စကားများကြကာ စတင်ခိုက်ရန် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပွားမှုအား ကိုအောင်ကျော်ကျော်မှ သွားရောက် ဖျန်ဖြေတားဆီးခဲ့ရာတွင် ကိုအောင်ကျော်ကျော်ကိုလည်း လက်သီးဖြင့် ထိုး၍ ခုံဖြင့်ရိုက်ရန် ရွယ်ကာ ဇော်လတ်မှာ ထွက်ခွာသွားကြောင်း၊ ခဏအကြာတွင် ဇော်လတ်မှာ ငှက်ကြီးတောင်ဓားအား ကိုင်ဆောင်၍ ၎င်းနှင့်အတူ ထက်ကို (ခ) ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့က တုတ်များ ကိုင်ဆောင်ကာ ရန်မူခဲ့ကြသဖြင့် ဝင်ရောက်ဖျန်ဖြေသော ဦးနိုင်ငံလင်း၊ ဦးကျော်သူနှင့် ဒေါ်သန္တာမော်တို့တွင် ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ဦးနိုင်ငံလင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။
ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင်အချို့ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူ သုံးဦးအား ချွန်ထက်သော အရာဝတ္ထုဖြင့် ပြင်းထန်စွာ နာကျင်စေမှု ပုဒ်မ ၃၂၆ အပါအဝင် ပုဒ်မသုံးခုဖြင့် စွဲချက်တင်အမိန့်ချ