ရန်ကုန်တိုင်းဒေသကြီးတွင် ရက် ၁၀၀ စီမံချက်ကာလ၏ ၄၄ ရက်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ တစ်နှစ်စာ ဖမ်းဆီးရမိမှုပမာဏ၏ ထက်ဝက်ကျော်အထိရှိကြောင်း သိရ

ရန်ကုန်တိုင်းဒေသကြီးတွင် ရက် ၁၀၀ စီမံချက်ကာလ၏ ၄၄ ရက်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ တစ်နှစ်စာ ဖမ်းဆီးရမိမှုပမာဏ၏ ထက်ဝက်ကျော်အထိရှိကြောင်း သိရ
Published 15 June 2016
မင်းသိန်းနိုင်၊ ရှိုင်းလင်းအောင်

ရန်ကုန်တိုင်းဒေသကြီးတွင် ရက် ၁၀၀ စီမံချက်ကာလ၏ ၄၄ ရက်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ တစ်နှစ်စာဖမ်းဆီးရမိ မှုပမာဏ၏ ထက်ဝက်ကျော်အထိ ရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မူးယစ်တပ်ဖွဲ့ခွဲ (၃) ဒုတိယရဲမှူးကြီး ကျော်ကျော်မင်းက ဇွန် ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်သော ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုနှင့် ဆုချီးမြှင့်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအပြီးတွင် ပြောကြားသည်။
 
ရန်ကုန်တိုင်းဒေသကြီး၌ ရက် ၁၀၀ စီမံချက်ကာလ (မေ ၁ ရက်မှ ဇွန် ၁၃ ရက် အထိ) ၄၄ ရက်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့သည့် အမှုပေါင်း ၂၂၀ အထိရှိပြီး အမျိုးသား ၂၈၈ ဦးနှင့် အမျိုးသမီး ၃၆ ဦး တို့အား ဖမ်းဆီး အရေးယူထားပြီး ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ ၄၇ ကီလိုဂရမ်၊ ဘိန်းမည်း ခြောက်ကီလိုဂရမ်၊ အိုက်စ် ၄၂၂ ကီလိုဂရမ်၊ မက်သာဒုန်း ၁၈ ဒသမ ၅ စီစီ၊ စိတ်ကြွရူးသွပ်ဆေးပြား ၉၂၄၀၀၊ ဆေးခြောက်  ၃ ဒသမ ၉၇၂ ကီလိုဂရမ်၊ အက်ဂရာဇိုလမ်ဆိုသည့်ဆေးပြား နှစ်သိန်း အပါအဝင် အခြားမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
“ဒီရလဒ်ကို ကြည့်လိုက်တဲ့အခါကျတော့ ရန်ကုန်တိုင်းထဲမှာ တော်တော့်ကို ပျံ့ပျံ့နှံ့နှံ့ ဖြန့်နေတဲ့သူက လူဦးရေ ၃၂၄ ဦး ဖမ်းဆီးရမိထားတယ်ဆိုတော့ ရန်ကုန်တိုင်းထဲမှာ တော်တော်လေး ပျံ့နှံ့ခဲ့တယ်ဆိုတာ တွေ့ရတယ်။ 
အမှုပေါင်း ၂၂၀ နဲ့ လူ ၃၂၄ ဦး ကို အရေးယူနိုင်ခဲ့တဲ့အတွက် လတ်တလောမှာ ရန်ကုန်တိုင်းထဲမှာ တော်တော်လေး ထိန်းချုပ်လိုက်နိုင်တယ်လို့ ပြောလို့ရတယ်”ဟု  ဒုတိယရဲမှူးကြီး ကျော်ကျော်မင်းက ပြောကြားသည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးမှ မူးယစ်ဆေးဝါး အများဆုံး ဝင်ရောက်နေကြောင်း သိရသည်။
 
“ အခု ရက် ၁၀၀ စီမံချက်က ဘာနဲ့တူလဲဆိုတော့ ရေကန်ထဲကို ခဲလေးတစ်လုံး ပစ်ချလိုက်သလိုပဲ။ ရေကန်ထဲကို ခဲတစ်လုံး ပစ်ချလိုက်ရင် ကန်ထဲက အမှိုက်တွေ ခဏဘေးရောက်သွားတယ်။ အချိန်မရွေး ပြန်ပြီးတော့ အမှိုက်တွေ ပြန်ရောက်လာနိုင်တယ်။ အဲဒီလိုမဖြစ်ဖို့ဆိုရင် ကျွန်တော်တို့မှာ ကြိုတင်ကာကွယ်ရေးလုပ်ဖို့ ယာဉ်တွေ စုံစမ်းတဲ့အဖွဲ့တွေ စုံစမ်းတဲ့အခါမှာ ကုန်ကျစရိတ်တွေ လိုပါတယ်။ အဲဒီကိစ္စ အထက်ကို တင်ပြထားပါတယ်”ဟု ဒုတိယရဲမှူးကြီး ကျော်ကျော်မင်းက ပြောကြားသည်။
 
ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တောင် ကြီးမြို့တို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းနေ့တွင် ၂၀၁၅ ခုနှစ်အတွင်းက ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသွားမည် ဖြစ်ကြောင်း သိရသည်။