၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာခြောက်ဘီလျံ ဝင်ရောက်ရန် လျာထားပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လာရောက်စုံစမ်းမှုများ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။“နိုင်ငံခြားက မြန်မာနိုင်ငံမှာ လာလုပ်ဖို့ စုံစမ်းတာတွေရော မြန်မာနိုင်ငံက လုပ်ငန်းတွေရော တချို့ပြင်ဆင်နေကြတာ ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဒီနှစ်က အခြေအနေ ကောင်းမယ့်နှစ်လို့ သုံးသပ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မေလကုန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု မရှိသေးကြောင်း သိရသည်။“ဧပြီနဲ့မေနှစ်လအတွင်းမှာ ရင်းနှီးမြှုပ်နံှမှု မဝင်သေးတာက ကော်မရှင် မဖွဲ့ရသေးတော့ အစည်းအဝေး မစနိုင်သေးတဲ့အတွက် အဆိုပြု လုပ်ငန်းတွေကိုလည်း ပြန်ခွင့်မပြုနိုင်သေးတဲ့ အတွက်ပါ လောလောဆယ်မှာ နိုင်ငံခြားနဲ့နိုင်ငံသား လုပ်ငန်းရှင်တွေက လုပ်ငန်းလုပ်ကိုင်ဖို့အတွက် အဆိုပြုထားတာတွေ ရှိပါတယ်။ ကော်မရှင်လည်း ဖွဲ့ပြီးပြီဆိုတော့ အစည်းအဝေးတွေ စပြီဆိုတာနဲ့ တင်ထားတဲ့ Proposals တွေကို ဆက်တိုက်စိစစ်ပြီး ခွင့်ပြုသွားမှာပါ။ အဲဒီလိုခွင့်ပြုမှုတွေ ပြန်လုပ်ရင် Investment တွေပြန်ဝင်လာမှာပေါ့” ဟု၎င်းက ဆက်လက်ပြောကြားသည်။မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်အလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ လျာထားချက်နှင့် အမှန်ခွင့်ပြုပေးခဲ့သည့် ပမာဏများကို ကြည့်မည်ဆိုပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၁၀၀၀ ဝင်ရောက်ရန် လျာထားပြီး အမှန်ခွင့်ပြုပမာဏမှာ ဒေါ်လာ ၃၄၁၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၃၀၀၀ ဝင်ရောက်ရန် လျာထားပြီး အမှန်ခွင့်ပြုပမာဏမှာ ဒေါ်လာ ၄၁၀၇ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၄၀၀၀ ဝင်ရောက်ရန် လျာထားပြိး အမှန်ခွင့်ပြု ပမာဏမှာ ဒေါ်လာ ၈၀၁၀ သန်းကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၆၀၀၀ ကျော်ဝင်ရောက်ရန် လျာထားပြီး အမှန်ခွင့်ပြုပမာဏမှာ ဒေါ်လာ ၉၄၁၈ သန်းကျော်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ သတ္တုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ စက်မှုဇုန် တည်ဆောက်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် မြှုပ်နှံလုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာခြောက်ဘီလျံ ဝင်ရောက်ရန် လျာထားပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လာရောက်စုံစမ်းမှုများ ရှိနေဟုဆို










